October 21, 2024

MT News
၂. ၆. ၂၀၂၄

အမျိုးသမီး၊ အမျိုးသား လူငယ် ယူ-၁၅ လိဂ်ပြိုင်ပွဲများနှင့် သက်တမ်းအလိုက် လူငယ်ဘောလုံး ပြိုင်ပွဲများ နှစ်စဉ်ကျင်းပမည်ဖြစ်ကြောင်း ဇွန်လ ၁ ရက်က ပြုလုပ်သည့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် လူငယ်ပြိုင်ပွဲများ ကျင်းပရေး ကော်မတီ အစည်းအဝေးမှ သိရသည်။

အဆိုပါအစည်းအဝေးကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်၊ ဒုတိယဥက္ကဋ္ဌ ဦးထိပ်ခွန်နောင်မြင့်ဝေ နှင့်အတူ ကော်မတီဥက္ကဋ္ဌ ဦးကျော်ဦး (ဒုတိယ ညွှန်ကြားရေးမှုးချုပ်၊ အားကစားနှင့် ကာယပညာ ဦးစီးဌာန)၊ အဖွဲ့ချုပ် အလုပ်အမှုဆောင်နှင့် ကော်မတီအဖွဲ့ဝင်များ ဖြစ်သည့် ဦးစိုးမြတ်မင်း၊ ဦးစောငြိမ်း (မန္တလေး)၊ ဦးသင်းမောင်စိုး (မွန်ပြည်နယ်)၊ ဦးလအောင် (ကချင်ပြည်နယ်)၊ ဦးဝင်းကိုကို(ဧရာဝတီတိုင်းဒေသကြီး) တို့ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ဦးကျော်ဦးက ယူ-၁၀၊ ယူ-၁၂ (ကျား/မ) Grassroots ဘောလုံးပွဲတော်များ၊ ကျောင်းအခြေပြု လူငယ်ပြိုင်ပွဲများအား အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်တို့ နှစ်စဉ် ပူးပေါင်းကျင်းပရေး၊ ယူ-၁၅ အမျိုးသားလိဂ်၊ ယူ-၁၅ အမျိုးသမီးလိဂ် ပြိုင်ပွဲများ နှစ်စဉ်ကျင်းပသွားရေးတို့ကို ဦးဆောင်ဆွေးနွေးခဲ့သည်။

ထို့နောက် ကျောင်းများပါဝင်နိုင်မည့်  Inter School ပြိုင်ပွဲများ ဖော်ထုတ်ခြင်း၊ အားကစားနှင့် ကာယပညာသိပ္ပံ နှင့်ချိတ်ဆက်၍ အကယ်ဒမီ ပြိုင်ပွဲများ ဖော်ဆောင်ခြင်း၊ ဖီဖာ ယူ-၁၇၊ ယူ-၂၀ ကမ္ဘာ့ဖလား ခြေစစ်ပွဲများအတွက် ကြိုတင်၍ နည်းစနစ်ပိုင်းနှင့်  လိုအပ်သော ပြိုင်ပွဲများ၊ ကစားသမား ရွေးချယ်ရေး အစီအစဉ်များ ကြိုတင်ပြင်ဆင်ထားရှိခြင်း စသည့် လူငယ်ပြိုင်ပွဲများနှင့် ကစားသမားကောင်းများ ပေါ်ထွက်လာရေး စီမံကိန်းများကို ကော်မတီတွင် ထည့်သွင်း ဆွေးနွေးခဲ့ကြသည်။

အဆိုပါ ဆွေးနွေးမှုများအပြင် မန္တလေးမြို့တွင် တည်ဆောက်မည့် အမျိုးသမီး ဘောလုံး အကယ်ဒမီ တည်ဆောက်ရေး၊ ပြိုင်ပွဲများ ပိုမို များပြားလာသည့်အတွက် လိုအပ်မည့် ဘောလုံးကွင်းများ ဖော်ဆောင်ရေးနှင့်ပြုပြင်ရေး၊ Indoor ဖူဆယ်ကွင်း အဲယာကွန်း တပ်ဆင်မှု အခြေအနေနှင့် ဖူဆယ် လေ့ကျင့်ရေးကွင်းသစ် တည်ဆောက်ရေး၊ ဧရာဝတီဖောင်ဒေးရှင်းမှ လှုဒါန်းထားသည့် မြက်ခင်းတု လေ့ကျင့်ရေးကွင်း အမှတ်(၃)၊(၄)နှင့် အကယ်ဒမီ ပြုပြင်မွမ်းမံနေမှုများနှင့် လူငယ်ကစားသမားများ အပေါ့စားလေ့ကျင့်မှု ပြုလုပ်နိုင်မည့် နေရာများ တိုးချဲ့ခြင်း၊ လိုအပ်သည့် အဆောက်အဦများမွမ်းမံပြင်ဆင်ခြင်း၊ တင်ဒါများခေါ်ယူခြင်း စသည့် အခြေခံ အဆောက်အဦဆိုင်ရာ လိုအပ်သည့် ဆွေးနွေးမှုများကို MFF ၏ အခြေခံအဆောက်အဦများ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီက ဆွေးနွေးမှု  ပြုလုပ်ခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *