MT News
၂. ၆. ၂၀၂၄
အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အာဆီယံ ယူ-၁၉ ပြိုင်ပွဲတွင် မြန်မာယူ-၁၉ အသင်းသည် အုပ်စု(ခ)၌ ဗီယက်နမ်အသင်းနှင့် အဖွင့်ပွဲ စတင်ကစားရမည် ဖြစ်သည်။
ပြိုင်ပွဲကို အင်ဒိုနီးရှားနိုင်ငံ၊ ဆူရာဘာရာမြို့တွင် ဇူလိုင် ၁၇ ရက်မှ ၂၉ ရက်ထိ ကျင်းပပြုလုပ်မည်ဖြစ်ပြီး အုပ်စု သုံးစုခွဲထားကာ အုပ်စုတစ်ခုစီမှ အုပ်စု ပထမရသော အသင်း သုံးသင်းနှင့် အကောင်းဆုံး အုပ်စု ဒုတိယရသော အသင်းတစ်သင်း၊ စုစုပေါင်း အသင်းလေးသင်း ဆီမီးအဆင့်သို့ တက်ရောက်နိုင်မည်ဖြစ်သည်။
အုပ်စု (A) တွင် အင်ဒိုနီးရှား၊ တီမော၊ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်တို့ ကျရောက်နေပြီး အုပ်စု (C) တွင် မလေးရှား၊ ထိုင်း၊ စင်ကာပူ၊ ဘရူနိုင်းအသင်းတို့ ကျရောက်နေသည်။
မြန်မာယူ-၁၉ အသင်း အနေဖြင့် ဇူလိုင် ၁၈ ရက် မြန်မာစံတော်ချိန် ည ၇ နာရီတွင် ဗီယက်နမ်၊ ဇူလိုင် ၂၁ ရက် ည ၇ နာရီတွင် လာအို၊ ဇူလိုင် ၂၄ ရက် နေ့လယ် ၂ နာရီခွဲတွင် ဩစတြေးလျ အသင်းတို့နှင့် ယှဥ်ပြိုင် ကစားရမည်ဖြစ်သည်။
