၂.၆.၂၀၂၄
Written by Ye Kyaw
ရွှေတိဂုံစေတီတော်ရင်ပြင်ပေါ်တွင် ရွှေတိဂုံစေတီတော်သမိုင်းအချက်အလက်နှင့် ဘုရားလမ်းညွှန် Shwedagon Pagoda Digital Directory Station ၆ ခုအထိ ဖွင့်လှစ်ပေးခဲ့ရာ လာရောက် ကြည့်ရှု့လေ့လာသူ များပြားလျက်ရှိကြောင်း သိရသည်။
Shwedagon Pagoda Digital Directory Station များအား အရှေ့ဘက်မုခ်နှင့် အနောက်ဘက်မုခ်တို့တွင် တစ်ခုစီ၊ ဘုရားဖူးပြည်သူ အများဆုံးတက်ရောက်သော ဓာတ်လှေကားရှိရာ မြောက်ဘက်မုခ်နှင့် တောင်ဘက်မုခ်တို့တွင် နှစ်ခုစီဖြင့် စုစုပေါင်း ၆ ခု ဖွင့်လှစ်ပေးထားခြင်းဖြစ်သည်။
“အရှေ့ဘက်နဲ့ အနောက်ဘက်မုခ်တွေမှာတော့ တစ်ခုစီပဲ၊ ဘုရားဖူးပြည်သူ တက်ရောက်တာများပြီး ကြည့်ရှု့တာများတဲ့ တောင်ဘက်နဲ့မြောက်ဘက်မုခ်တွေမှာတော့ နှစ်ခုစီဖွင့်ထားတယ်။ တောင်ဘက်မုခ်ကျတော့ ဂေါပကအဖွဲ့ရုံးလည်းရှိတယ်လေ။ အဲဒီနေရာမှာတော့ ကြည့်ရှု့သူများတယ်” ဟု Pagoda Digital Directory မှ တာဝန်ရှိသူက ပြောသည်။
အဆိုပါ Pagoda Digital Directory Station များအတွင်း ဘုရားဖူးပြည်သူများ ကြည့်ရှု့လေ့လာချိန် အဆင်ပြေစေရန် Aircon များလည်း တပ်ဆင်ပေးထားပြီး အသုံးပြုသူများအတွက် လမ်းညွှန်များနှင့် ကြည့်ရှု့လေ့လာရမည့်အဆင့်ဆင့်အတွက် လမ်းညွှန်ချက်စာစောင်များ ကပ်ပေးထားခြင်းကို တွေ့ရှိရသည်။
ရွှေတိဂုံစေတီတော်သမိုင်းအချက်အလက်နှင့် ဘုရားလမ်းညွှန် Shwedagon Pagoda Digital Directory Station ဖွင့်ပွဲအခမ်းအနားအား ပြီးခဲ့သည့် ဧပြီလ ၁ ရက်တွင် ရွှေတိဂုံစေတီတော်ရင်ပြင် ကျင်းပခဲ့ပြီးနောက် အများပြည်သူများအား ကြည့်ရှု့လေ့လာခွင့်ပေးခဲ့ခြင်းဖြစ်သည်။
Pagoda Digital Directory Station များတွင် မြန်မာနိုင်ငံရှိ တန်ခိုးကြီးစေတီ၊ ပုထိုးများဖြစ်သည့် ရွှေတိဂုံစေတီတော်၊ မန္တလေးမြို့ မဟာမုနိရုပ်ရှင်တော်မြတ်၊ ကျိုက်ထီးရိုးစေတီတော်၊ မြသလွန်စေတီ၊ ပြည်မြို့ ရွှေဆံတော်စေတီနှင့် မြောက်ဦးရှိ သျှစ်သောင်းဘုရားကိုးဆူတို့၏ သမိုင်းကြောင်းများ၊ ထင်ရှားသည့်အကြောင်းအရာများ၊ ရွှေတိဂုံစေတီတော်၏ စိန်ဖူးတော်ကိုလည်း ကြည့်ရှု့လေ့လာနိုင်မည်ဖြစ်ကြောင်း သိရသည်။