October 21, 2024

၂.၆.၂၀၂၄
Written by TZ

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ နံကပ်ကျွန်းအုပ်စု၊ သာယာကုန်းကျေးရွာတွင် ကလေးငယ်အချင်းချင်း ဆော့ကစားရင်းမှ ရန်ဖြစ်ရာက ထိုကလေးများ၏ မိဘများပါ စကားများရန်ဖြစ်ကြပြီး သံတုတ်၊ သစ်သားချောင်းတို့ဖြင့် ရိုက်နှက်ကြရာ ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဥ်မှာ ဇွန်လ ၁ ရက် ည ၉ နာရီခန့်က သာယာကုန်းကျေးရွာရှိ နေအိမ်တစ်လုံး၏ ခြံဝန်းထဲ အသက် ၉ နှစ်ဝန်း ကလေးငယ်များ ကစားနေရာမှတစ်ဆင့် ရန်ဖြစ်ရာ ထိုကလေးငယ်များ၏ မိဘများပါ ဆက်လက် စကားများ ရန်ဖြစ်ခဲ့ကြခြင်း ဖြစ်သည်။

အဆိုပါရန်ပွဲမှ ဒဏ်ရာရရှိသူများကို မကွေးဆေးရုံသို့ ပို့ဆောင်သည့် ပရဟိတမင်းခေါင်ရှာဖွေကယ်ဆယ်ရေးအဖွဲ့အား MT News က ဆက်သွယ်မေးမြန်းရာ”ကလေးငယ်တွေ ကစားတာကနေ ရန်ဖြစ်ကြတာ။ အဲ့မှာ မိဘတွေလည်း ရန်ဖြစ်ကြရော။ တစ်ဖက်ကလေးရဲ့ အမေနဲ့အဖွားရယ်။ တစ်ဖက်က အမျိုးသားတွေရယ်။ သူတို့အချင်းချင်းရန်ဖြစ်ကြတာ။ အမျိုးသမီးတစ်ယောက်ကတော့ ဦးခေါင်းကွဲပြီး ကလေးအဖွားကလည်း မျက်နှာတွေအထိုးခံရတယ်။ ခုနက တစ်ဖက်က ယောကျာ်းလေးကလည်း ငယ်ထိပ်ပေါက်တယ်။ သံတုတ်နဲ့သစ်သားချောင်းနဲ့ရိုက်ကြတာ”ဟု ပြောသည်။

အဆိုပါဒဏ်ရာရရှိသူများအနက် အမျိုးသမီး၏ ဦးခေါင်းကွဲဒဏ်ရာ များပြားသောကြောင့် မကွေးပြည်သူ့ဆေးရုံကြီး၊ OPD မှတစ်ဆင့် ခွဲစိတ်အဆောင်သို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။

ဓာတ်ပုံ – ပရဟိတမင်းခေါင်ရှာဖွေကယ်ဆယ်ရေးအဖွဲ့

Leave a Reply

Your email address will not be published. Required fields are marked *