October 21, 2024

၂. ၆. ၂၀၂၄
Written by Thettant

ချန်ပီယံလိဂ်ဘုရင်ကြီးနဲ့ ယှဥ်ပြိုင်ဘက် မထင်မှတ်ဘဲဖြစ်လာရတဲ့ ဒေါ့မွန်အတွက် ပေါက်ကြေးကလည်း တစ်လုံးသွင်းမှအနိုင်အထိ ရီးရဲကပေါက်တာကြောင့် ဖိအားကင်းခဲ့သလို ဂိုး ကိုဘယ်လ်၊ နောက်တန်းမှာ ရွှိုင်ဆန်၊ ဟမ်းမဲ၊ စခလော့တားဘတ်ခ်၊ မတ်ဆန်၊ ကွင်းလယ်မှာ ဆဘစ်ဆာ၊ ကန်၊ ဘရန့်၊ တိုက်စစ်မှာ ဆန်ချို၊ ဖူးရတ်ခ်၊ အဒီရေမီတို့နဲ့ ၄-၃- ၃ ပွဲထွက်လာပြီး ရီးရဲကတော့ ဂိုး ကော့တွိုက်၊ နောက်တန်း မန်ဒီ၊ နာချို၊ ရူဒီဂါ၊ ကာဗာဂျယ်၊ အလယ်တန်းမှာ ကရူးစ်၊ ကာဗာမင်ဂါ၊ ဗယ်ဗာဒီတို့နဲ့ ကွင်းလယ်တိုက်စစ်မှာ ဘယ်လင်ဟန်၊ ရှေ့တန်းမှာ ဗီနီီးယပ်၊ ရိုဒရီဂို တို့နဲ့ ၄-၃-၁-၂ ကစားကွက်နဲ့ ပွဲထွက်လာခဲ့တာပါ။

ပထမပိုင်းခြေစွမ်းက ဒေါ့မွန်ကို ချီးကျူးရမှာပါ။ ရီးရဲလို ချန်ပီယံလိဂ်ဘီလူးကြီးကို ပထမပိုင်းတစ်ခုလုံး ဂိုးပေါက်တည့်ကန်ချက်တစ်ချက်မှ မရှိအောင် တားဆီးနိုင်ခဲ့တာ၊ ဖူးရတ်ခ်ရဲ့ ဂိုးသမားကိုကျော်သွင်းတဲ့အလုံး ဂိုးတိုင်ထိသွားခဲ့တာ၊ အဒီရေမီက ဂိုးသမားနဲ့တစ်ဦးချင်းတွေ့တာကို ရလာတဲ့အခွင့်အရေးအသုံးမချနိုင်သလို ဆဘစ်ဇာရဲ့အဝေးကန်ချက်ကိုလည်း ကော့တွိုက်ကာကွယ်သွားခဲ့တာတွေဟာ ရင်ဖိုရတဲ့ ပထမပိုင်းအခိုက်အတန့်တွေပါ။

ဒေါ့မွန်ဟာ ပထမပိုင်းမှာ ဂိုးကန်သွင်းချက် ၈ ကြိမ်၊ ရီးရဲက နှစ်ကြိမ်၊ ဒေါ့မွန်က Big Chance နှစ်ကြိမ်ရမှုအပါအဝင် ဂိုးပေါက်ကို ခြိမ်းခြောက်နိုင်မှုသုံးကြိမ်မှာ ရီးရဲက ဂိုးပေါက်တစ်ကြိမ်တောင်မတည့်ဘူးဆိုတဲ့ ပထမပိုင်းမှတ်တမ်းတွေက ချန်ပီယံလိဂ်ဗိုလ်လုပွဲရဲ့ အောက်အသင်း ဖိအားကင်းမှု အထင်းသားမြင်ခဲ့ရတဲ့ အခိုက်အတန့်တွေလို့ပဲ သုံးသပ်ရမှာပါ။

ဒုတိယပိုင်းကတော့ ရီးရဲပြန်လာတဲ့ပွဲပါ။ ပထမပိုင်းထက် အချိတ်အဆက်မိခဲ့သလို ၅၇ မိနစ်မှာ ကာဗာဂျယ်ရဲ့ အနီးကပ်ကန်ချက်၊ ပွဲချိန် ၆၂ မိနစ်မှာ ဖူးရတ်ခ်ရဲ့ ဂိုးရှေ့ခေါင်းတိုက်ချက်တွေကို နှစ်ဖက်ဂိုးသမားတွေ အကောင်းဆုံးကာကွယ်ခဲ့တာကလည်း အသက်ရှုမှားရတဲ့အခိုက်အတန့်တွေပါ။ ဒါပေမဲ့ ပွဲချိန် ၇၄ မိနစ်မှာတော့ ကာဗာဂျယ်က တိုနီကရူးစ်ရဲ့ထောင့်ကန်ဘော ကန်တင် ဖန်တီးမှုကနေ ခေါင်းတိုက်ဂိုးသွင်းယူပြီး ဒေါ့မွန်ကို တိတ်ဆိတ်သွားစေခဲ့ပါတယ်။

အဲဒီနောက်မှာ ရီးရဲကပဲ စိုးမိုးသွားခဲ့ပြီး ပွဲချိန် ၇၆ မိနစ်မှာ ဘယ်လင်ဟမ်ကန်ချက် ဂိုးသမားကာကွယ်သွားခဲ့တာ၊ တိုနီကရူးစ်ရဲ့ ပွဲချိန် ၇၉ မိနစ် ပြစ်ဒဏ်ဘောကန်ချက် ကိုဘယ်လ်ကာကွယ်ခဲ့ရတာ၊ မိနစ် ၈၀ မှာ ကာဗာမင်ဂါရဲ့ အဝေးကန်ချက်ကို ကိုဘယ်လ် ခက်ခက်ခဲခဲပုတ်ထုတ်ခဲ့ရတာ၊ ၈၁ မိနစ်မှာ နာချိုရဲ့ ခေါင်းတိုက်ချက် ထပ်ပြီး ပုတ်ထုတ်နိုင်ခဲ့ပေမဲ့ ၈၃ မိနစ်မှာ Big Match တွေရဲ့ အဆုံးသတ်ဘုရင် ဗီနီစီးယပ်က ဘယ်လင်ဟန် ဖန်တီးပေးမှုက ၁၈ ကိုက်စည်းထိပ်နားက ကန်သွင်းမှုကိုတော့ ကိုဘယ်လ် မကာကွယ်နိုင်ဘဲ ဒုတိယအနိုင်ဂိုး ထပ်မံခွင့်ပြုလိုက်ရပါတော့တယ်။ ပွဲကစားချိန် ၈၇ မိနစ်မှာ ဖူးရတ်ခ်ခေါင်းတိုက်ဂိုးသွင်းယူခဲ့ပေမဲ့ လူကျွံနေတာကြောင့် ဂိုးမရခဲ့သလို နောက်ပိုင်းမှာတော့ ရီးရဲကပဲ အနိုင်ကို အကောင်းဆုံးထိန်းကစားပြီး ၁၅ ကြိမ်မြောက် ဆုဖလားကို စံချိန်တင်ပြီးရင်းတင်ရင်း ထပ်မံရယူသွားခဲ့ပါတယ်။

ဒီနေ့ပွဲမှာ ဒေါ့မွန်ဟာ အရမ်းမညံ့ခဲ့ပေမဲ့ ပထမပိုင်းမှာ ရလာတဲ့အပိုင်အခွင့်အရေးတွေကို ဂိုးအဖြစ်မပြောင်းနိုင်ခဲ့တာက ချန်ပီယံလိဂ်ကို လက်လွှတ်စေခဲ့ရတာဖြစ်သလို ရီးရဲကစားသမားတွေရဲ့ ချန်ပီယံပါဝါကို ဘယ်လိုမှမယှဥ်သာခဲ့တာလည်း မြင်သာစေ ခဲ့တဲ့အပြင် အဖွင့်အနိုင်ဂိုးဖန်တီးရှင် တိုနီးကရူးစ်၊ မိုဒရစ်တို့ဟာလည်း တခမ်းတနားနဲ့ ရီးရဲကို နှုတ်ဆက် ဂုဏ်တင့်ခဲ့ပေမဲ့ တစ်ကမ္ဘာလုံးကချန်ပီယံလိဂ်ဖလားနဲ့ နှုတ်ဆက်သွားတာမြင်ချင်တဲ့ ဒေါ့မွန်ရဲ့ သစ္စာရှင် မာကိုရူးစ်အဖို့တော့ …..။

Leave a Reply

Your email address will not be published. Required fields are marked *