October 21, 2024

◾ အဆိုပါကိစ္စနှင့် ပတ်သက်၍ သံသယရှိသူ ၂၅ ဦးကို ဥပ‌ဒေနှင့်အညီ စုံစမ်းစစ်ဆေးနေ

၁. ၆. ၂၀၂၄
Written by Nyein Kyaw

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ဗျိုင်းဖြူ‌ကျေးရွာအတွင်း သဲအိတ်ဘန်ကာများ၊ ပုန်းခိုကျင်းများ စိစစ်တွေ့ရှိ၍ ကျေးရွာနေထိုင်သူများအား စုံစမ်းမေးမြန်းနေစဉ် ဒေသခံမဟုတ်သူ ၃ ဦးက လုံခြုံရေးတပ်ဖွဲ့ဝင်ထံမှ လက်နက်လုယူသောကြောင့် ခြောက်လန့်ပစ်ခတ်ရာ ၎င်းတို့ ၃ ဦးလုံးသေဆုံးခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC)၏ သတင်းထုတ်ပြန်ရေးအဖွဲ့မှ ယနေ့တွင် ဖြေကြားထားသည်။

မေလ ၂၉ ရက်တွင် ဗျိုင်းဖြူကျေးရွာကို  လုံခြုံရေးတပ်ဖွဲ့ဝင်များ ရာနှင့်ချီ ဝင်ရောက်လာပြီး ရွာထဲမှ သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များမှလွဲ၍ အမျိုးသားများအားလုံးကို ဖမ်းဆီးထားပြီး အမျိုးသား ၂၀၀ ခန့်ကို ဖမ်းဆီး စစ်ဆေးနေကာ ယနေ့ ဇွန်လ ၁ ရက်နေ့ နောက်ဆုံးသတင်းအရ ၄၁ ဦးကို သတ်ဖြတ်လိုက်ပြီဖြစ်ကြောင်း ပြည်ပရောက် Exile  မီဒီယာများက ယနေ့တွင် ရေးသားဖော်ပြခဲ့ပြီး ထိုဖြစ်စဥ်ကို မေးမြန်းကြ၍ ဖြေဆိုခဲ့ခြင်းလည်းဖြစ်သည်။

သတင်းမီဒီယာများက မေးမြန်းမှုမှာ စစ်တွေမြို့နယ်၊ ဗျိုင်းဖြူရွာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်စီးနင်းအပြီး သေဆုံးရုပ်အလောင်း ၄၀ ခန့်အထိ ရှာဖွေတွေ့ရှိထားကာ ဒေသခံအမျိုးသား ၁၀၀ ဦးခန့်ကိုလည်း ဖမ်းဆီးထားကြောင်း သတင်းများဖော်ပြနေမှုနှင့် ပတ်သက်ပြီး သတင်းထုတ်ပြန်နိုင်မှုရှိ မရှိ မီဒီယာများက မေးမြန်းမှုအပေါ် SAC သတင်းထုတ်ပြန်ရေးအဖွဲ့က အထက်ပါအတိုင်း  ဖြေကြားခဲ့ခြင်းသည်။

SAC သတင်းထုတ်ပြန်ရေးအဖွဲ့က ဖြေကြားရာတွင် “ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးဆောင်ရွက်လျက်ရှိရာ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ၂၀၂၄ ခုနှစ်၊ မေလ ၃၀ ရက်တွင် ကံပြင်ရွာသစ်၊ ကံပြင်ရွာဟောင်းနှင့် ဗျိုင်းဖြူကျေးရွာ တစ်ဝိုက်သို့ နယ်မြေစိုးမိုးရေး သွားရောက်ဆောင်ရွက်စဉ် ဒေသခံကျေးရွာသားများ၏ သတင်းပေးချက်အရ ဗျိုင်းဖြူကျေးရွာအတွင်းမှ နေအိမ်အချို့၌ သဲအိတ်ဘန်ကာများ၊ သဲအိတ်များဖြင့် ပြုလုပ်ထားသော ပုန်းခိုကျင်းများ၊ ဘန်ကာပြုလုပ်ရန်သဲအိတ်များ စုဆောင်းထားသည်ကို စိစစ်တွေ့ရှိရသဖြင့် ကျေးရွာနေထိုင်သူများအား စုံစမ်းမေးမြန်းလျက်ရှိစဉ် ဒေသခံကျေးရွာသားမဟုတ်သော အမျိုးသား ၃ ဦး (စိစစ်ဆဲ)မှ လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးထံမှ လက်နက်အား လုယူခဲ့သဖြင့် ခြောက်လန့်ပစ်ခတ်စဉ် အဆိုပါ အမျိုးသား ၃ ဦးသည် လက်နက်ငယ်ကျည်ထိမှန်၍ သေဆုံးခဲ့ရပါသည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် အဆိုပါကျေးရွာတွင် ဖြစ်ပွားသော ကိစ္စများနှင့်ပတ်သက်၍ သံသယရှိသူ ၂၅ ဦးအား ဥပဒေနှင့်အညီ စုံစမ်းစစ်ဆေးမေးမြန်းလျက်ရှိကြောင်း သတင်းရှိပါသည်” ဟု ပြန်လည်ဖြေကြားခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *