October 20, 2024

၁. ၆. ၂၀၂၄
Written by Hey Mar

ဆိုင်ကယ်စီးလာသူကို နောက်ကနေတိုက်ပြေးမောင်းနှင်သွားတဲ့ဘောက်စ်ကားကို ပြည်သူတွေက လိုက်လံဖမ်းဆီးပေမယ့် လွတ်မြောက်သွားတဲ့အတွက် နံပါတ်နဲ့ ယာဥ်ပုံစံသာ ဓာတ်ပုံ ရိုက်ယူလာနိုင်တယ်လို့ မန္တလေးဒေသခံ လူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။

ဖြစ်စဥ်က ဒီနေ့ ဇွန်လ ၁ ရက် ညနေ ၅ နာရီအချိန်ခန့်က ၄၈ လမ်းနဲ့ ၁၁၀ လမ်းထောင့်မှာ ဖြစ်ပွားခဲ့ပြီး အတိုက်ခံရတဲ့ အသက် ၄၀ ဝန်းကျင်အရွယ် ဆိုင်ကယ်စီးနင်းသူက နေရာတင်သေဆုံးတယ်လို့ သိရပါတယ်။

အခင်းဖြစ်နေရာကို မြေပြင်အကူအညီသွားရောက်ခဲ့တဲ့ မြရည်နန္ဒာ လူမှုကူညီရေးအသင်းတာဝန်ရှိသူက “သူက အခုယာဥ်တိုက်မှုဖြစ်တဲ့ နေရာနဲ့ သိပ်မဝေးတဲ့ နေရာပေါ့။ လေးငါးအိမ်ကျော်လောက်မှာရှိတဲ့ ကိုယ်ပိုင်မူကြိုမှာ လုံခြုံရေးလုပ်တာ။အိမ်ပြန်မလို့ ဆိုင်ကယ်နဲ့ အပြန်မှာဖြစ်တာ။ တိုက်ပြီး ကားကပြေးတာ။ ဆိုင်ကယ်သမားက နေရာတင်သေတယ်။ ပြည်သူတချို့ နောက်ကနေ ဆိုင်ကယ်နဲ့ ဓာတ်ပုံ လိုက်ရိုက်ကြလို့ ကားပုံနဲ့ နံပါတ်တော့ မှတ်လိုက်နိုင်ကြတယ်”လို့ MT News က ဆက်သွယ်မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။

တိုက်ပြေးတဲ့ကားက 1N-2849 နံပါတ်လို့ သိရပြီး မန္တလေး မြို့ပါတ်လမ်းကို တက်ပြေးတာလို့ ဆိုပါတယ်။ ပြည်သူတွေက ဓာတ်ပုံရိုက်ယူထားပြီး သက်သေအဖြစ် သက်ဆိုင်ရာကိုအပ်ပေးထားတယ်လို့လည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *