MT News
ရွေဘိုမြို့ရှိ ကမ္ဘောဇဘဏ်အား လက်ပစ်ဗုံးဖြင့် ပစ်ပေါက်ခဲ့သူများက မြဝတီဘဏ်ရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များကို ထပ်မံပစ်ပေါက်တိုက်ခိုက်မှုတစ်ခု ဒီဇင်ဘာ ၁၉ ရက်က ရွှေဘိုမြို့တွင် ဖြစ်ပွားခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။
ဖြစ်စဉ်မှာ ဒီဇင်ဘာ ၁၉ ရက် ည ၇ နာရီဝန်းကျင်က စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၊ အမှတ် (၇) ရပ်ကွက်၊ ကျီကုန်းရပ်(ဒေသအခေါ်) ၊ အောင်ဇေယျလမ်းပေါ်ရှိ ကမ္ဘောဇဘဏ် (၂) သို့ အမျိုးသားလူငယ် ၂ ဦးသည် စည်ပင်သာယာဈေးဘက်မှ ဆိုင်ကယ်တစ်စီးနှင့်ရောက်ရှိလာပြီး လက်ပစ်ဗုံးဖြင့် ပစ်ပေါက်ခဲ့ရာ ဘဏ်ရှေ့ရှိ ATM စက်ရှေ့ ကျရောက် ပေါက်ကွဲခဲ့သည်။
အဆိုပါ လူ ၂ဦးသည် ဆိုင်ကယ်ဖြင့်မောင်းပြေးသွားခဲ့ပြီး ထိုမှတစ်ဆင့် လမ်းတစ်ဘက်ခြမ်းရှိ အမှတ်(၅) ရပ်ကွက်၊ မင်းရပ်(ဒေသအခေါ်)ရှိ မြဝတီဘဏ်ရှေ့အရောက်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ စစ်ဆေးမည်ပြုစဥ် တပ်ဖွဲ့ဝင်များဘက်သို့ လက်လုပ်လက်ပစ်ဗုံး ၁ လုံးဖြင့်ပစ်ပေါက်ခဲ့ရာ ဘဏ်ရှေ့ရှိ လမ်းလည်ကျွန်းဘေးသို့ ကျရောက်ပေါက်ကွဲခဲ့သည်။ ထိုသို့ တိုက်ခိုက်အပြီး ကမ္ဘောဇဘဏ်ဘေးရှိ လမ်းကြားအတိုင်း အနောက်ဘက်ရှိ အမှတ်(၇)ရပ်ကွက်၊ ဝက်လက်ရွဲရပ်ဘက်သို့ မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
အဆိုပါလက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကမ္ဘောဇဘဏ်(၂)ရှေ့ရှိ ATM စက် ကာရံထားသည့်မှန်များ ကွဲကြေပျက်ဆီးခဲ့ပြီး ကာလတန်ဖိုး ၁၀၀,၀၀၀ ကျပ်ခန့် ပျက်စီးဆုံးရှုံးခဲ့သော်လည်း လမ်းတစ်ဖက်ခြမ်းတွင်ရှိသည့် မြဝတီဘဏ် လုံခြုံရေးဆောင်ရွက်လျက်ရှိသော တပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်းလည်း သိရသည်။
အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုကို M.T Black Dragon People Defence Force နှင့် ရွှေတောသား (Local-ပျောက်ကျားတပ်ဖွဲ့) တို့ ပူးပေါင်းပြီး နှစ်ကြိမ်ဗုံးခွဲတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။
အဆိုပါအဖွဲ့နှင့် ပူးပေါင်းမဟာမိတ်အဖွဲ့များသည် ပြီးခဲ့သည့် နိုဝင်ဘာ ၁၂ ရက်ကလည်း ရွှေဘိုမြို့မြန်မာ့စီးပွားရေးဘဏ်အရှေ့ အစောင့်ကျနေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို TBK တောဆင်ရိုင်း ပြောက်ကျားတပ်ဖွဲ့(သပိတ်ကျင်းမြို့နယ် – ပ.က.ဖ ) တို့နှင့်ပူးပေါင်းပြီးသေနတ်နှင့်ပစ်ခတ်ကာ ဗုံးများဖြင့် ပစ်ပေါက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။