October 20, 2024

၁.၆.၂၀၂၄
Written by KL

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ တပ်ကြီးကုန်းကျေးရွာ၊ ပြည်လမ်းမပေါ်တွင် ယနေ့(ဇွန်လ ၁ရက်)နံနက် ၄ နာရီခန့်က ရပ်ထားသော ၁၂ ဘီးကားကို Hijet ယာဥ်တစ်စီးက ဝင်တိုက်ခဲ့ရာ ကားခေါင်းအတွင်း ညပ်နေသော ယာဥ်မောင်းကို အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ကြောင်း ကယ်ဆယ်ရေးဆောင်ရွက်သူများထံမှ သိရသည်။

ဖြစ်စဥ်မှာ မှော်ဘီဘက်မှ တိုက်ကြီးမြို့ဘက်သို့ မောင်းနှင်လာသော ယာဥ်မောင်း ကိုဝေယံဖြိုး မောင်းနှင်လာသည့် Hijet အဖြူရောင်ယာဥ်က ရပ်ထားသည့် Nissan အဖြူရောင် ၁၂ ဘီးယာဥ်ကို ဝင်တိုက်ခဲ့သ​​ဖြင့် ​ယာဥ်မောင်း ကိုဝေယံဖြိုးမှာ ကားခေါင်းအတွင်းညပ်နေသဖြင့် မှော်ဘီမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေအရံမီးသတ်တပ်ဖွဲ့ဝင် ၁၄ ဦးတို့ ကယ်ဆယ်ရေးဆောင်ရွက်ခဲ့ရာ ၁၅ မိနစ်အကြာတွင် ကယ်ထုတ်နိုင်ခဲ့​ကြောင်း သိရသည်။

“ကားသမားကတော့ နဖူးမှာပွန်းပဲ့ဒဏ်ရာရယ်။ ဘယ်ဘက်မျက်ခုံးပွန်းပဲ့ ဒဏ်ရာပဲရတယ်။ အသက်အန္တရာယ်မစိုးရိမ်ရပါဘူး”ဟု ကယ်ဆယ်ရေးဆောင်ရွက်ခဲ့သည့် မီးသတ်တပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။

ဒဏ်ရာရရှိသူကို မြို့မလူမှုကူညီရေးအသင်းမှ လူနာတင်ယာဥ်ဖြင့် မှော်ဘီမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *