October 21, 2024

၁.၆.၂၀၂၄
Written By Thandar

ရုံတင်ပြသဖို့ကြိုးစားနေတဲ့ “လှတောသားကွ ဖျားသွားမယ်” ရုပ်ရှင်ဇာတ်ကားမိတ်ဆက်ပွဲကို ယနေ့ ဇွန်လ ၁ ရက်က ရန်ကုန်မြို့ Chinese 47 မှာ ကျင်းပခဲ့ရာ ဇာတ်ကားမှာပါဝင်တဲ့ အနုပညာရှင်တွေ တက်ရောက်ခဲ့ကြပါတယ်။

“ကျွန်တော်နဲ့ ဆောင်းနှင်းရည်ထုတ်လုပ်ရေးတို့က ဗီဒီယိုဇာတ်ကား ၅၀ ကျော်လောက် အတူရိုက်ခဲ့ကြတာပါ။ အစ်မက ရုပ်ရှင်ကားကြီးရိုက်ဖို့ပြောလာတဲ့အခါ ကျွန်တော့်ဆီမှာ ဒီဇာတ်လေးကလည်း ရှိနေတယ်။ လှတောသားဇာတ်ကားတွေအများကြီး ကျွန်တော်ရိုက်ခဲ့ဖူးသလို ပရိသတ်လည်း အသိအမှတ်ပြုအားပေးခဲ့ကြတယ်။ ကျွန်တော့်ကို လှတောသားလို့ သတ်မှတ်တဲ့အထိ အသိအမှတ်ပြုအားပေးခဲ့တဲ့ လှတောသားနဲ့ပဲ ရုပ်ရှင်ကားကြီးရိုက်ချင်တာကို မဆောင်းနှင်းရည်တို့က သဘောတူပေးတဲ့အတွက် ရိုက်ဖြစ်ခဲ့တာပါ။ လှတောသားကို ရုပ်ရှင်ကားကြီးမှာလည်း အားပေးမယ်လို့မျှော်လင့်ပါတယ်” လို့ သရုပ်ဆောင်နေထူးနိုင်က ပြောပါတယ်။

ဆောင်းနှင်းရည်ရုပ်ရှင်ထုတ်လုပ်ရေးက ဒီဇာတ်ကားကို ဇာတ်လမ်းကိုဇော်ထွန်းမိုးနိုင်က ရေးသားထားတာဖြစ်ပြီးတော့ ဒါရိုက်တာဇော်ထွန်းက စကားကြွယ်တဲ့ လှတောသားရဲ့ ရန်ကုန်မြို့ရောက်လာချိန် မြို့နေလူမှုအပေါ် အမြင်တွေနဲ့ မြို့သူမြို့သားလူငယ်တွေ လှတောအရောက်ကြုံရတာတွေကို အချစ်ဟာသနှောလို့ လှတောအဝင်အထွက်နဲ့ ရေနံချောင်းဘက်မှာ ရိုက်ကူးထားခဲ့တာလို့သိရပါတယ်။

သရုပ်ဆောင်အနေနဲ့ အကယ်ဒမီ ကျော်ရဲအောင်၊ နေထူးနိုင်၊ ညိမ်းသော်၊ မင်းဘုန်းမြတ်၊ ဗညားဟန်၊ ဇော်သူဟိန်း(ဆိုင်း)၊ စုလှိုင်နှင်း၊ လင်းဇာနည်ဇော်၊ ဆင်မ၊ ကြယ်သီး၊ မာမီသက်၊ ငလက်မ၊ ချက်ကြီး၊ မိုးတိမ်ရဝိန်၊ ဒေါက်တာအောင်ကျော်မိုး၊ ဦးဇော်ထွန်း၊ ထောင်ထောင်၊ ဦးပေါ်လ၊ စောသစ်၊ ဖော်လက်၊ ကျော်သီဟ၊ မိုးနိုင်၊ ကြူကြူသင်း၊ အိမ့်ခြူးပွင့်စတဲ့ အနုပညာရှင်တွေ ပါဝင်ထားပါတယ်။

“လှတောသားကွ ဖျားသွားမယ်” ရုပ်ရှင်ဇာတ်ကားဟာ ဆင်ဆာခွင့်ပြုချက်တွေရထားပြီး ရုံတင်ပြသနိုင်ဖို့ကြိုးစားနေတယ်လို့လည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *