October 21, 2024

၁. ၆. ၂၀၂၄
Written by Nyein Kyaw

ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွက် ဓာတ်မြေဩဇာတန်ချိန် ၁ ဒသမ ၆ သန်း တင်သွင်းသွားမည်ဖြစ်ပြီး အမှန်တကယ်သုံးစွဲမှုကြောင့် ထပ်မံလိုအပ်ချက်ရှိပါကလည်း စိစစ်ပြီး ထပ်မံတင်ပြခွင့်ပြုသွားမည်ဖြစ်ကြောင်း ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက မေလ ၃၁ ရက်တွင် ပြလုပ်သည့် ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောကြားသည်။

ပြီးခဲ့သည့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် အမှန်တင်သွင်းသည့် ပမာဏကိုအခြေခံပြီး ယခုကဲ့သို့ သတ်မှတ်ရခြင်းဖြစ်ပြီး မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်း၏ စိစစ်တင်ပြချက်အရ ၂၀၂၄ ခုနှစ် ဧပြီ၊ မေ၊ ဇွန် သုံးလအတွက် စုစုပေါင်းဓာတ်မြေဩဇာတန်ချိန် ၆ ဒသမ ၇၉ သိန်းနှင့် ပိုးသတ်ဆေးတန်ချိန် ၁၀၉၂၂ တန်တို့ ထောက်ခံပေးခဲ့ပြီးဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

ကုမ္ပဏီအလိုက် သွင်းကုန်လိုင်စင်ရရှိပြီးမှု၊ တင်သွင်းပြီးမှု၊ အကြောင်းအမျိုးမျိုးကြောင့် တင်သွင်းရန် နှောင့်နှေးမှုများရှိခဲ့ပြီး လိုင်စင်သက်တမ်း တိုးပေးထားမှုများအပေါ် ကုမ္ပဏီအလိုက် သွင်းအားစုများ ရောက်ရှိပြီး အခြေအနေတို့ကို ပြန်လည်တင်ပြပေးစေလိုကြောင်းနှင့် လိုအပ်သည့် အချက်အလက်များရရှိရေးကိုလည်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းချိတ်ဆက်ဆောင်ရွက်ပေးထားကြောင်း သိရသည်။

ထို့ပြင် ရည်ညွှန်းဈေးနှုန်းများ ထုတ်ပြန်ပေးမှုအနေဖြင့် ၂၀၂၄ ခုနှစ် ဇွန်လတွင် ကီလို ၅၀ တစ်အိတ်လျှင် ငွေကျပ် ၇၃၀၀၀ နှုန်းဖြစ်လာသည့်အတွက် ရောင်းဈေးနှုန်းများ ကျဆင်းလာသည်ကို တွေ့ရမည်ဖြစ်ပြီး တောင်သူများအတွက် ဈေးနှုန်းသက်သာလာမည်ဖြစ်ကြောင်း၊ သို့သော် အချိန်ကြာလာသည်နှင့်အမျှ ပြည်ပပေါက်ဈေး အပြောင်းအလဲရှိနိုင်သည့်အတွက် လုပ်ငန်းစဉ်များ မြန်ဆန်သွက်လက်ရန်လိုအပ်သဖြင့် သက်ဆိုင်ရာဌာနများက မြန်မြန်ဆန်ဆန်ဆောင်ရွက်ကြရန် ပြည် ထောင်စုဝန်ကြီးက ပြောကြားသည်။

ထို့ကြောင့် ယခု မိုးစပါးရာသီအတွက် သွင်းအားစုများ အချိန်မီရရှိရေး၊ အရည်အသွေးပြည့်မီရေးနှင့် ဈေးနှုန်းသက်သာစေရေးတို့အတွက် သက်ဆိုင်ရာအဖွဲ့ဝင်ဌာနများက ပူးပေါင်းကြီးကြပ်ဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီးက မှာကြားသည်။

Leave a Reply

Your email address will not be published. Required fields are marked *