October 22, 2024

၁.၆.၂၀၂၄
Translated by Htwe Ko Tun

အမေရိကန်ပြည်ထောင်စု၊ နယူးယော့ခ်မြို့တရားရုံးက သမ္မတဟောင်းဒေါ်နယ်ထရန့်အား ၂၀၁၆ ခုနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲတွင် တရားမဝင်ဩဇာလွှမ်းမိုးမှုရှိစေရန်အတွက် နှုတ်ပိတ်ခပေးခဲ့မှု ၃၄ မှုအတွက် အပြစ်ရှိကြောင်း မေလ ၃၀ ရက်က ဆုံးဖြတ်ခဲ့အပြီးတွင်မူ ထရန့်အားထောက်ခံသူများနှင့် လက်ယာစွန်းဝါဒီ ဟောပြောရေးသားသူများက အမေရိကန်နိုင်ငံအလံအားဇောက်ထိုးလွှင့်ထူ၍ ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

နယူးယော့ခ်မြို့ ထရန့်တာဝါ၏ အပြင်ဘက်တွင် မေလ ၃၁ ရက်၌ အမေရိကန်အလံအား ဇောက်ထိုးလွှင့်ထူကိုင်ဆောင်၍ ဆန္ဒပြခဲ့သလို လူမှုကွန်ရက်များပေါ်တွင်လည်း ပြောင်းပြန်လွှင့်ထူထားသော အလံများကို တွေ့ရှိခဲ့ရသည်။

ထရန့်အား နှုတ်ပိတ်ခပေးခဲ့မှု ၃၄ မှုအတွက် စွဲဆိုချက်များတွင် အပြစ်ရှိသည်ဟု တရားရုံးကဆုံးဖြတ်အပြီး နာရီပိုင်းအတွင်းမှာပင် အွန်လိုင်းလွှင့်ထုတ်ချက်များ၌ အမေရိကန်အလံများကို ဇောက်ထိုးလွှင့်ထူခဲ့ကြသည်။

ရှေးရိုးစွဲကျသည့် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး ဝေဖန်သုံးသပ်သူများအဖွဲ့ဖြစ်သော Heritage Foundation က ၎င်း၏လိုဂိုတံဆိပ်တွင် အမေရိကန်အလံအား ဇောက်ထိုးလွှင့်ထူလျက် လူမှုကွန်ရက် X ၌ ပို့စ်တင်ထားခဲ့သည်။ ဝါရှင်တန်မြို့ရှိအဖွဲ့၏ အဆောက်အအုံတွင်လည်း အမေရိကန်အလံကို ဇောက်ထိုး လွှင့်ထူခဲ့သည်။

အလံကို ဇောက်ထိုးလွှင့်ထူခြင်းက သင်္ဘောသားတို့အတွက်မူ ဘေးဒုက္ခကျရောက်နေကြောင်း အကူအညီရရှိရန် အချက်ပြမှုဖြစ်သည်။ သို့သော် ယခုအခါ ၎င်းက ‘အာဏာခိုးယူရန်လှုပ်ရှားမှုကိုရပ်တန့်ပေး’ ဟု တောင်းဆိုချက်အား ကိုယ်စားပြုလာခဲ့သည်။ ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် ဒီမိုကရက်ပါတီမှ ဂျိုးဘိုင်ဒန်က ဒေါ်နယ်ထရန့်ထံမှ အာဏာကို ခိုးလုယူသွားခဲ့ခြင်းကို ရည်ညွှန်းဆိုလိုခြင်းလည်း ဖြစ်သည်။

ကြောက်မက်ဖွယ် ဘေးဒုက္ခအန္တရာယ်ကျရောက်မှုမျိုးတွေ့ကြုံနေရခြင်းကို ဖော်ပြရန် အချက်ပြမှုအနေမှတပါး အမေရိကန်နိုင်ငံအလံအား ပြောင်းပြန်လွှင့်ထူမှုမပြုခဲ့ကြသော်လည်း ဆယ်စုနှစ်များနှင့်ချီ၍ ဆန္ဒပြမှုပုံစံတစ်ရပ်အဖြစ်လည်း ပြုလုပ်လာခဲ့ကြသည်ဟု သိရသည်။

Ref-AP

Leave a Reply

Your email address will not be published. Required fields are marked *