October 31, 2024

ဗုံးသီးကျရောက်ပေါက်ကွဲရာနေရာ

MT News

Written by Min Mahar

ဒီဇင်ဘာလ ၂၀ ရက် နံနက်ပိုင်းက ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်း၌ ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၂၀ ရက် နံနက် ၉ နာရီခွဲခန့် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်း၌ ဗုံးသီးဖြင့် ပစ်ခတ်ခံရကြောင်း အမည်မဖော်လိုသည့် သတင်းအရင်းမြစ်ထံမှ သိရသည်။

“အစိုးရအဖွဲ့ရုံးရှေ့က မြက်ခင်းပြင်ပေါ်ကို ဗုံးသီးတစ်လုံးကျလာပြီးတော့ ပေါက်ကွဲသွားတာပဲ။ အုံးဆိုတဲ့ အသံကလည်းအကျယ်ကြီးထွက်လာတော့ ရုံးဝန်ထမ်းတွေ အကုန်လန့်ကုန်ကြတာပါ့။ ဟာချကုန်ပြီဆိုပြီတော့ ထပ်ပြီးနားစွန့်နေကြတာ။ ချက်ချင်းလည်း အပြင်မထွက်ရဲသေးဘူး။ နည်းနည်းလောက်ကြာတော့ ဘာသံမှမကြားတော့မှ ထွက်ကြည့်ကြတာ။ မြက်ခင်းပေါ်မှာ ဗုံးသီးကျလာတာလို့ လုံခြုံရေးရဲတွေပြောသံကြားတော့တာ။ ဘယ်ကဘယ်လိုကျလာလဲတော့ မသိဘူး။ ဘယ်သူတွေကပစ်သွားကြတာလဲတော့ ဘယ်သူမှမမြင်လိုက်ကြဘူး။ နားလည်တတ်ကျွမ်းတဲ့သူတွေ ပြောသံကြားတာကတော့ (၄၀) မမ ဗုံးသီးလို့ကြားတာပဲ။ အတိအကျတော့မသိဘူး”ဟု အမည်မဖော်လိုသော ဝန်ထမ်းတစ်ဦးက ပြောသည်။

အဆိုပါဗုံးသီးသည် အစိုးရအဖွဲ့ရုံးအဆောက်အဦအရှေ့ရှိ မြက်ခင်းပြင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် မြက်ခင်းပြင်အနည်းငယ်ပျက်ဆီးသွားရုံမှအပ လူနှင့်အဆောက်အဦများ တစ်စုံတစ်ရာထိခိုက်ပျက်ဆီးမှုမရှိခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဉ်အား ပြည်နယ်လုံခြုံရေးတပ်ဖွဲ့ဝင်များမှ မြစ်ကြီးနားမြို့နယ်အတွင်း ပိတ်ဆို့စစ်ဆေးမှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *