၁. ၆. ၂၀၂၄
Written by Ye Kyaw
ရွှေတိဂုံစေတီတော် ရင်ပြင်တော်ပေါ်၌ ဗီယက်နမ်နိုင်ငံရှိ အလှူရှင်များမှ ဦးဆောင်ကျင်းပသည့် သံဃာတော် ၅၅၅၅ ပါးအား ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းမှုကို ယနေ့ နံနက်အစောပိုင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ယနေ့ နံနက်အစောပိုင်းတွင် ရွှေတိဂုံစေတီတော်ရှိ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များအဆောင်၌ အရုဏ်ဆွမ်း ဆပ်ကပ်လှူဒါန်းမှုများ ပြုလုပ်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးအရအဖွဲ့ဝင်များနှင့် ဗီယက်နမ်အလှူရှင်များက သံဃာတော်များထံမှ ငါးပါးသီလခံယူကာ အန္တရာယ်ကင်းပရိတ်တရားတော် နာကြားခဲ့ကြသည်။
ဆွမ်းဆန်လောင်းလှူပူဇော်ပွဲသို့ သံဃမဟာနာယကအဖွဲ ဥက္ကဋ္ဌဆရာတော်ကြီး၊ အကျိုးတော်ဆောင်ဆရာတော်နှင့် အလှည့်ကျမဟနအဖွဲ့ခွဲများ၊ မြို့နယ်အလိုက် သံဃမဟာနာယက ဆရာတော်များနှင့် တိပိဋကဓရ၊ တိပိဋကကောဝိဒဆရာတော်ကြီးများအပါအဝင် သံဃာအပါး ၁၀၀ ကို အထူးပင့်ဆောင်ခဲ့ပြီး ဗီယက်နမ်အလှူရှင်များက ၂၈၄၀ ပါး ပင့်ဆောင်ကာ ခရိုင်လေးခုမှသံဃာ ၂၆၁၅ ပါးကို ပင့်ဆောင်လောင်းလှူခဲ့ခြင်းဖြစ်သည်။
ဆွမ်းဆန်လောင်းလှူပူဇော်ပွဲအတွက် ရွှေတိဂုံစေတီတော်၏ မုခ်ဦးလေးဘက်လုံးတွင် မဏ္ဍပ်များထိုးကာ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များအဆောင်တွင် အထူးပင့်သံဃာ အပါး ၁၀၀၊ အရှေ့ဘက်မုခ်တွင် သံဃာ ၉၅၄ ပါး၊ အနောက်ဘက်မုခ်တွင် ၁၇၀၂ ပါး၊ တောင်ဘက်မုခ်တွင် ၁၃၁၂ ပါးနှင့် မြောက်ဘက်မုခ်တွင် ၁၄၈၇ ပါးတို့အား နေရာချထား ဆွမ်းဆန်ဆက်ကပ်လောင်းလှူပူဇော်ခဲ့ကြခြင်းဖြစ်သည်။
အဆိုပါ မဏ္ဍပ်များအသီးသီးတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဗီယက်နမ်နိုင်ငံမှ သံဃာတော်၊ သီလရှင်နှင့် အလှူရှင်များ၊ မြန်မာနိုင်ငံမှ အလှူရှင်များက နေရာယူကာ သံဃာတော်များအား ဆွမ်းသပိတ်လုံးများ၊ ဆွမ်းဆန်၊ လှူဖွယ်ပစ္စည်းနှင့် ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြခြင်းဖြစ်သည်။
ဗီယက်နမ်အလှူရှင်များသည် ယမန်နှစ် ဇွန်လ ၁၈ ရက် နံနက်ကလည်း ရွှေတိဂုံစေတီရင်ပြင်ပေါ်တွင် သံဃာအပါး ၁၀၀၀ ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ခဲ့ပြီး ယခုနှစ်တွင်မူ ၅၅၅၅ ပါးအထိ တိုးမြှင့်ပူဇော်လာခြင်းဖြစ်သည်။