၁. ၆. ၂၀၂၄
AWritten by Thettant
ဒီနေ့မနက်မှာ ကျင်းပခဲ့တဲ့ ဘုရင့်ဖလားမှာ အယ်လ်နက်ဆာနဲ့ အယ်လ်ဟီလယ်တို့ ပွဲချိန် မိနစ် ၉၀ အထိ ၁ ဂိုးစီ သရေကျခဲ့ပြီး အချိန်ပိုမိနစ် ၃၀ မှာလည်း ဂိုးမသွင်းနိုင်ခဲ့တာကြောင့် ပင်နယ်လ်တီကန်သွင်းကြရာမှာ ၇ ဂိုးအထိ ရောက်ခဲ့သလို အယ်လ်ဟီလယ်က ၅ ဂိုး ၄ ဂိုးနဲ့ ဘုရင့်ဖလား ဆွတ်ခူးသွားခဲ့ပါတယ်။
အနီကတ် ၃ ကတ်၊ အဝါကတ် ၁၀ ကတ်နဲ့ ပွဲကြမ်းခဲ့တဲ့ ဒီပွဲမှာ ပွဲချိန် ၇ မိနစ်ကတည်းက မီထရိုဗစ်က အယ်လ်ဟီလယ်အတွက် ဦးဆောင်ဂိုးသွင်းယူခဲ့ပါတယ်။ ပွဲကစားချိန် ၅၆ မိနစ်မှာ အယ်လ်နက်ဆာ ဂိုးသမား အော်စပီနာ အနီကတ်ထိခဲ့တာကြောင့် ပြန်မလာနိုင်တော့ဘူးထင်ရပေမဲ့ တစ်ယောက်လျော့ အယ်လ်နက်ဆာတို့ ကံကောင်းဖို့အတွက် ပွဲကစားချိန် ၈၇ မိနစ်မှာ အယ်လ်ဟီလယ်ရဲ့ ဆော်ဒီလူညစ် အဘူလိုင်ဟီ အနီကတ်ထိခဲ့လို့ ပွဲကစားချိန် ၈၈ မိနစ်မှာ ယာရာက အယ်လ်နက်ဆာအတွက် အဖိုးတန်ချေပဂိုးသွင်းပေးခဲ့ပါတယ်။ ပွဲကစားချိန် မိနစ် ၉၀ မှာ ကူလီဘလီ အနီကတ်ထိသွားပြန်တာကြောင့် အယ်လ်နက်ဆာက လူတစ်ယောက်ပြန်သာသွားခဲ့ပေမဲ့ အချိန်ပို မိနစ် ၃၀ မှာ ဂိုးမရခဲ့လို့ ပင်နယ်လ်တီကန်ရဖို့ ဖြစ်ခဲ့ပါတယ်။
ပင်နယ်လ်တီမှာ အယ်လ်ဟီလယ်တို့ အရင်ကန်ရပြီး ပထမဆုံးအလုံးတင် ရူဘင်နက်ဗက်ကန်ချက် တိုင်ထိထွက်ခဲ့ပေမဲ့ အယ်လ်နက်ဆာရဲ့ အဖွင့်ဂိုးကန်သူ သရဲနီလူဟောင်း တဲလက်စ်ကလည်း မိုးပေါ်ထောင်ကန်သွားခဲ့ပြန်ပါတယ်။ ဒီနေ့ပွဲမှာ ချန်ပီယံဆုယူပေးခဲ့တာက အယ်လ်ဟီလယ် ဂိုးသမားဘိုနိုဖြစ်ပြီး အယ်လ်နက်ဆာရဲ့ ၆ ဂိုးမြောက် ပင်နယ်လ်တီနဲ့ ၇ ဂိုးမြောက်ပင်နယ်လ်တီကန်ကြတဲ့ အယ်လ်ဟာဆန်နဲ့ အယ်လ်နီမာတို့ ကန်သွင်းချက်တွေ ကာကွယ်ပေးခဲ့ပါတယ်။
တကယ်တော့ ပင်နယ်လ်တီမှာ စကန်တဲ့ အယ်လ်ဟီလယ်က ပထမဆုံးကန်တဲ့အလုံးလွဲခဲ့သလို ၅ လုံးစီကန်အပြီး ၂ လုံးစီထပ်ကန်ရာမှာလည်း လူစားဝင် အယ်လ်နက်ဆာ ဂိုးသမားအဗ္ဗဒူလာက ၆ ဂိုးမြောက် ပင်နယ်လ်တီ ကာကွယ်နိုင်လို့ အသာစီးကန်ရတဲ့ အခြေအနေ နှစ်ကြိမ်ကြုံခဲ့တာပါ။ ဒါပေမဲ့ ဒီလို အသာစီးရတဲ့ အခွင့်အရေးကို အယ်လ်နက်ဆာ ကစားသမားတွေ အသုံးမချနိုင်လို့ ဖလားရမဲ့ အခွင့်အရေး ဆုံးရှုံးသွားတာဖြစ်သလို ရော်နယ်ဒိုအဖို့လည်း ဘုရင့်ဖလား လက်လွှတ်လိုက်ရပြီး ဒီရာသီကို ဖလားလက်မဲ့ ပိတ်သိမ်းခဲ့ရပါတယ်။