၁. ၆. ၂၀၂၄
Written by Nyein Kyaw
နိုင်ငံတော်ဩဝါဒါစရိယ ရွှေကျင်နိကာယ သာသနာပိုင် အဘိဓဇမဟာရဋ္ဌဂုရု သီတဂူဆရာတော် ဒေါက်တာဘဒ္ဒန္တဉာဏိဿရအား အိန္ဒိယသမ္မတနိုင်ငံက International Award for Promotion of Buddhism ဘွဲ့တံဆိပ် ဆက်ကပ်အပ်နှင်းသည့် အခမ်းအနားကို မေလ ၃၁ ရက်တွင် ရန်ကုန်မြို့ရှိ အိန္ဒိယစင်တာ၌ ကျင်းပခဲ့သည်။
အိန္ဒိယနိုင်ငံ ယဉ်ကျေးမှု ဆက်ဆံရေးကော်မတီသည် ဗုဒ္ဓဘာသာ ထွန်းကားရေးအတွက် ဆောင်ရွက်ကြသော နိုင်ငံခြားတိုင်းပြည်များမှ ပညာရှင်များ၊ တစ်သီးပုဂ္ဂလပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းအများအား အသိအမှတ်ပြု ဂုဏ်ပြုခြင်းနှင့် ဗုဒ္ဓဘာသာ ထွန်းကား ပြန့်ပွားရေးအတွက် International Award for Promotion of Buddhism နိုင်ငံတကာဆုကို ၂၀၂၁ ခုနှစ်တွင် စတင်ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံတစ်ဝန်းလုံးနှင့် ပြည်ပနိုင်ငံများအထိ ဗုဒ္ဓဘာသာနှင့် တရားဒေသနာတော်များ ပြန့်ပွားရေးအတွက် ကိုယ်ကြိုးမဖက် အလေးထား ဆောင်ရွက်ခဲ့မှုကို အသိအမှတ်ပြုခြင်းကြောင့် သီတဂူ ဒေါက်တာ အရှင်ဉာဏိဿရအား ၂၀၂၃ ခုနှစ်တွင် “ဗုဒ္ဓဘာသာထွန်းကားပြန့်ပွားရေး ဆောင်ရွက်မှုအတွက်” နိုင်ငံတကာဆုကို ဆပ်ကပ်လှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။
အိန္ဒိယနိုင်ငံမှ အဆိုပါဆုကို Otani University (Japan)၊ Dr. Duong Thi Thanh Huong (Vietnam)နှင့် Mr. Choijamts Demberel (Mongolia) တို့အား ပေးအပ်ချီးမြှင့်ခဲ့ပြီး သီတဂူဆရာတော်ဘုရားကြီးသည် စတုတ္တမြောက် ဆုချီးမြှင့်ခံရခြင်းဖြစ်သည်။