၃၁. ၅. ၂၀၂၄
Written by Thettant
ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့နယ်တွင် ကျပ် ၄ ဘီလျံခွဲနီးပါးတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂၉ သိန်းခွဲကို အုတ်ခဲဖုံးသယ်လာသူများအပါအဝင် တရားခံငါးဦးအား ဖမ်းမိခဲ့သည်ဟု မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က ယခုည ထုတ်ပြန်သည်။
ဖြစ်စဥ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မေလ ၂၈ ရက်နေ့ နံနက် ၁၀ နာရီခွဲအချိန် ပဲခူးတိုင်း ဒေသကြီး၊ ရွှေတောင်မြို့နယ်၊ ရန်ကုန် – ပြည်ကားလမ်း၊ ဆင်မကြပ်ကျေးရွာအနီးတွင် ထွန်းထွန်းဝင်း မောင်းနှင်ပြီး ထင်ကျော်နှင့် ဟိန်းမင်းမင်း(ခ)မှန်လေးတို့ လိုက်ပါလာသည့် ၆ ဘီးမော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်၌ အုတ်ခဲများဖြင့် ဖုံးအုပ်သယ်ဆောင်လာသော ဆာလာအိတ်များအတွင်းမှ ဒေသကာလတန်ဖိုးငွေကျပ် ၄ ဒသမ ၄၂၅ ဘီလျံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂၉ ဒသမ ၅ သိန်း သိမ်းဆည်းရမိခဲ့သည်။
တရားခံများကို စစ်ဆေးဖော်ထုတ်ချက်အရ ယင်းနေ့ ညနေ ၄ နာရီခွဲအချိန် စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ရာ၌ ပူးပေါင်းပါဝင်သူများဖြစ်သည့် ယာဉ်ပိုင်ရှင် ကျော်စွာထွန်း၊ ထွန်းထွန်း(ခ)မောင်မောင် နှင့် ရန်နောင်ထွေး(ခ)နောင်နောင် တို့အား ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ပိန္နဲကုန်းကျေးရွာတွင် အသီးသီးဖမ်းဆီးရမိခဲ့ကြောင်း၊ သိမ်းဆည်းရမိ စိတ်ကြွရူးသွပ်ဆေးပြားများအား ရှမ်းပြည်နယ်မှ ရန်ကုန်တိုင်းဒေသကြီးသို့ သယ်ဆောင်ပြီး ၎င်းမှတစ်ဆင့် မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့သို့ ဆက်လက်သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။