၃၁.၅.၂၀၂၄
Written By Zun
မန္တလေးမြို့ဈေးအတွင်းရှိ ဆယ်သန်းရွှေဆိုင်ကို ဓားပြတိုက်သူများက ရွှေထည်ပစ္စည်းများယူဆောင်၍ သေနတ် ၄ ချက် ပစ်ဖောက်ထွက်ပြေးသွားခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။
ယနေ့ မေလ ၃၁ ရက် ညနေ ၃ နာရီခွဲခန့်က မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ မဟာအောင်မြေ အနောက်ရပ်ကွက်၊ ၈၄×၈၅ လမ်းကြား၊ ၃၉× ၄၀ လမ်းကြား၊ မန်းမြို့ဈေးအတွင်းရှိ ဆယ်သန်းရွှေဆိုင်ကို သေနတ် အတို၊အရှည်များကိုင်ဆောင်ထားသည့် လူငယ် ၆ ဦး၊ ၇ ဦးခန့်ပါအုပ်စုက ဓားပြတိုက်သွားခဲ့ခြင်းဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က MT News ကို အတည်ပြု ပြောကြားသည်။
အခင်းဖြစ်ရာနေရာသို့ လုံခြုံရေးတာဝန်ရှိသူများ သွားရောက်စစ်ဆေးခဲ့ရာ မန်းမြို့ဈေးအတွင်းရှိ ဆယ်သန်း ရွှေဆိုင်(၁/၂) သို့ ယင်း လူငယ်အုပ်စုက 3M-6384 ရွှေငါး အဖြူရောင်ယာဉ်ဖြင့် ရောက်ရှိလာကာ ဆိုင်(၁/၂) အတွင်းမှ လက်ကောက် အကွင်း ၅၀၀ ခန့်၊ နားကွင်း ၂၅၀ ၊ နားဆွဲ ၅၀၀ ခန့်၊ဆွဲသီး ၃၀၀ ခန့်၊ ဟန်းချိန်း ၁၀၀ ခန့်၊ ခန့်မှန်း ရွှေအလေးချိန် ၂ ပိဿာခန့်၊ ကာလတန်ဘိုး သိန်း ၅၀၀၀ ကျော်ခန့်ကို လုယက်ယူဆောင်သွားခဲ့ကြောင်း သိရသည်။
ထိုသို့ လုယက်ယူဆောင် ထွက်ပြေးကြစဥ် ဓားပြများက သေနတ်ဖြင့် ၄ ချက်ခန့် ပစ်ဖောက်ကာ ဈေးတောင်ဘက်ပေါက်သို့ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
“မန္တလေးမှာက PDF တွေ ဓားပြတိုက်တာ အစဉ်အလာလို ဖြစ်နေပြီ။ ပေါ်တင်လုပ်နေကြတာ။ နိုင်ငံရေး မငြိမ်သက်တာကို ခုတုံးလုပ်ပြီး ကိုယ်ကျိုးရှာနေကြတာ။ အခု လိုင်းပေါ်မှာ PDF မဟုတ်ဘူးဆိုပြီး ငြင်းနေသူတွေ ရှိသေးဗျ”ဟု မန္တလေးတွင် နေထိုင်သည့် အရပ်သားတစ်ဦးက MT News ကို ပြောသည်။
လက်ရှိတွင် မန္တလေးမြို့ပေါ်၌ လုံခြုံရေးလုပ်ငန်းစဉ်ကို လုပ်ဆောင်နေပြီး ဓားပြတိုက်သွားသည့် PDF အဖွဲ့ကို လိုက်လံစစ်ဆေးမှုများ ပြုလုပ်နေကြောင်းလည်း သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၁၉ ရက်ကလည်း မန္တလေး ၃၉ လမ်း၊ ၈၄ လမ်း နှင့် ၈၅ လမ်းကြား ရှိ ဆယ်သန်း ရွှေဆိုင်ကို အမျိုးသား ၃ ဦးက မော်တော်ဆိုင်ကယ်ဖြင့်လာရောက်ပြီး ဓားပြတိုက်မှုဖြစ်ပွားခဲ့ကာ ယင်းဖြစ်စဉ်ကြောင့် ကျပ် သိန်း ၆၀၀၀ ကျော် တန်ဖိုးရှိ ရွှေများ ပါသွားဖူးသေးသော ဖြစ်စဉ် ရှိခဲ့ဖူးသည်။