၃၁. ၅. ၂၀၂၄
Written by Thettant
ဒီနေ့ မေလ ၃၁ ရက် သောကြာနေ့ည One Friday Fights 65 ရဲ့ ဖယ်သာဝိတ်တန်းမှာ မြန်မာပြည်ချန်ပီယံဟောင်းထွန်းထွန်းမင်းရဲ့ညီ ၁၇ နှစ်သား ထွန်းမင်းအောင်နဲ့ ရှုံးပွဲမရှိသေးတဲ့ ရုရှားဖိုက်တာ MMA နဲ့ ကစ်ဘောက်ဆင်ဖိုက်တာ Dmitry Kireev တို့ ယှဥ်ပြိုင်ထိုးသတ်ရာမှာ အကိုဖြစ်သူ ထွန်းထွန်းမင်းလို ပွဲထွက်လာပေမဲ့ ရုရှားဖိုက်တာကို စင်ပေါ်တက်အထိုးခံပြသွားတဲ့ ထွန်းမင်းအောင်က မရှုမလှလို့ဆိုရလောက်အောင် ဘာမှလုပ်မပြနိုင်ဘဲ အရေးနိမ့်သွားခဲ့ပါတယ်။
ထွန်းမင်းအောင် ဒီပွဲကို ထိုးဖို့အတွက် အောင်လအန်ဆန်ကူညီပေးတာ၊ အကိုဖြစ်တဲ့ ချန်ပီယံဟောင်းထွန်းထွန်းမင်းက ကြီးကြပ်လေ့ကျင့်ပေးနေတာ၊ ပွဲကစားချိန် နာရီအနည်းငယ်ကြာတဲ့အထိ ဝိတ်ချနေရတာ၊ One ကလည်း စောင့်ကြည့်ရမဲ့ဖိုက်တာအဖြစ် သုံးသပ်ချက်ပေးထားတာ၊ မြန်မာပြည်ချန်ပီယံဖြစ်ဖူးတဲ့ ထွန်းထွန်းမင်းကလည်း ထွန်းမင်းအောင်ဟာ သူ့လို တောင်ယာလုပ်သားပုံစံ ပွဲထွက်လာမယ်ကြော်ငြာအားကောင်းတာတွေနဲ့ Kireev က ထွန်းမင်းအောင်ထက် အတွေ့အကြုံ၊ အရည်အချင်း အကုန်သာသလို အသက်ကလည်း ၂၅ နှစ်နဲ့ အကောင်းဆုံးအရွယ်ရှိနေပြီး ရှုံးပွဲမရှိသေးတာကြောင့် ပရိသတ်စိတ်ဝင်စားမှုမြင့်တက်နေတဲ့ ဒီပွဲမှာ ပထမအချီ ပွဲအစ စက္ကန့်ပိုင်းတင် လက်သီးတွဲလုံးမိပြီး ထွန်းမင်းအောင် ဖင်ထိုင်ကျ အမှတ်စဥ် အရေခံလိုက်ရတာပါ။ ထွန်းထွန်းမင်းအတွက်တောင် ပြိုင်ဘက်ကောင်းဖြစ်နိုင်တဲ့ Kireev ဟာ ထွန်းမင်းအောင်ကို ကြောင်ကကြွက်ကစားသလို ပါးပါးနပ်နပ်ထိုးသတ် အမှတ်ယူနေချိန် တစ်ပတ်လှည့်ကန်ချက်တွေ၊ တံတောင်တွေ ကျွေးနေချိန်မှာ ထွန်းမင်းအောင်ကတော့ လျှာထုတ်ပြရုံကလွဲ ဘာမှမတတ်နိုင်ဘဲ ၇ ချက်ထက်မနည်း တစ်ဖက်သတ်အထိုးခံနေရတာပါ။
ဒုတိယအချီပြန်အစမှာလည်း Kireev က ပါးပါးနပ်နပ်ရှောင်ကစားနေပြီး ထွန်းမင်းအောင်က မျက်နှာတစ်ချက်ထိအောင် လုပ်နိုင်တာကလွဲရင် ကျန်တာကတော့ Kireev ပွဲဖြစ်ပြီး ဖိုက်တာဆိုတာ အသိဉာဏ်ရှိရှိဒီလိုထိုးရတယ် ပြသွားသလို မျက်ခွက်တည်ထိုးပြတာ သုံးချက်လောက်နဲ့ ပတ်ကန်ချက်တစ်ချက်ပါ ကန်ပြသွားတာပါ။ ဒုတိယအချီတင် ထွန်းမင်းအောင်ရှုံးမယ်သေချာတဲ့ ထိုးချက်ကန်ချက်တွေ Kireev ထိုးပြသွားနိုင်ခဲ့ပါတယ်။
တတိယအချီမှာတော့ Kireev က တိုက်စစ်ဦးဆောင်ခဲ့ပြီး ထွန်းမင်းအောင်ကို မိုးပျံဒူးတိုက်ချက်တွေ၊ ဝိုက်လက်သီးတွေ၊ တံတောင် ထပ်ကျွေးခဲ့လို့ ဖင်ထိုင်ပါကျခဲ့ပေမဲ့ ဒိုင်ကတော့ အမှတ်စဥ်ထပ်မရေဘဲ ညှာခဲ့ပြီး ထွန်းမင်းအောင်ရဲ့ Comeback ကို စောင့်ပေးခဲ့ပေမဲ့ ထွန်းမင်းအောင်ကတော့ အမှတ်ရစရာ တစ်ချက်မှ ပြန်မထိုးနိုင်ဘဲ ရှုံးခဲ့ပါတယ်။
သေချာတာကတော့ One လို ကမ္ဘာ့စင်မြင်မှာ အရပ်အမောင်းနဲ့ ခွန်အားကြီးတာ၊ ခံနိုင်ရည်ရှိတာက အဟန့်တစ်ခုပဲရမှာဖြစ်ပြီး နည်းစနစ်၊ ဗျုဟာနဲ့ အသိဉာဏ်ရှိတဲ့ ဦးနှောက်ကပဲ ချန်ပီယံတစ်ယောက်ကို မွေးထုတ်ပေးမှာပါ။ ကမူးရှုးထိုး ထိုးသတ်ပြီး အထိုးခံနိုင်ကြောင်းပြတာက မြန်မာနိုင်ငံလို နိုင်ငံမျိုးမှာပဲ အိမ်ကျယ်လုပ်လို့ရတယ်ဆိုတာ သတိပြုဖို့ပြောချင်မိရင်း…။