၃၁.၅.၂၀၂၄
Photo @ Written by TZ
နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်၊ သပြေလမ်းနှင့် ရွာသစ်ကျေးရွာအဝင်လမ်းထောင့်တွင် ဆိုင်ကယ်ငှားရမ်းသူအမျိုးသားမှ ဆိုင်ကယ်ကယ်ရီမောင်းသည့်အမျိုးသား၏ လည်ပင်းကို အသင့်ပါလာသည့် ဓားဖြင့်ထိုးပြီး ပိုက်ဆံနှင့်မော်တော်ဆိုင်ကယ်ကို လုယက် ယူဆောင်မောင်းနှင်ထွက်ပြေးသွားကြောင်း သိရသည်။
ဖြစ်စဥ်မှာ မေလ ၃၀ ရက် ည ၇ နာရီခွဲအချိန်တွင် ဆိုင်ကယ်ကယ်ရီမောင်းသည့် ဦးဇေယျာလင်းနှင့် ၎င်း၏ဇနီးဖြစ်သူဒေါ်နှင်းနှင်းခိုင်တို့ ပျဥ်းမနားမြို့၊ မြင်းရုပ်အနီး၊ ရန်နိုင်စားသောက်ဆိုင်ရှေ့ရှိ မော်တော်ဆိုင်ကယ်ကယ်ရီများထားရှိသည့်နေရာ၌ ထိုင်နေစဥ် အသက် (၃၀) ဝန်းကျင် အမျိုးသားတစ်ဦးက ပန်းခင်းခြောက်ထပ်ကြီး၊ မော်တော်ပီကယ်ရုံးသို့ အသွား/ပြန် ဆိုင်ကယ်ကယ်ရီအားငှားရမ်း၍ ဦးဇေယျာလင်း လိုက်သွားရာ အခင်းဖြစ်စဥ်နေရာအရောက် ကယ်ရီငှားစီးသူက ဆိုင်ကယ်ကယ်ရီမောင်းသည့် ဦးဇေယျာလင်း ညာဘက်လည်ပင်းကို ဓားဖြင့်ထိုးပြီး မော်တော်ဆိုင်ကယ်နှင့်ငွေသားများကို ယူဆောင်သွားကြောင်း သိရသည်။
ထိုဖြစ်စဥ်အပေါ် MT News မှ ဥတ္တရသီရိမြို့နယ်၊ ကုတင် ( ၅၀၀) ဆေးရုံတွင် ဆေးကုသမူခံယူနေသည့် ဦးဇေယျာလင်း၏ ဇနီးဖြစ်သူ ဒေါ်နှင်းနှင်းခိုင်အား မေးမြန်းရာ “ဆိုင်ကယ်ဂိတ်မှာ ကျွန်မယောကျ်ားနဲ့အတူတူထိုင်နေတာ အဲ့မှာအမျိုးသားတစ်ယောက်က ပန်းခင်းခြောက်ထပ်ကြီး၊ မော်တော်ပီကယ်ရုံးကို အသွားအပြန် (၇၀၀၀) နဲ့ငှားသွားတာ။ လမ်းလည်းရောက်တော့ ဓားနဲ့လည်ပင်းကို ထိုးတာ။ ယောကျာ်းရဲ့ အကျီထဲမှာဖုန်းရှိတော့ လမ်းသွားတဲ့ကားသမားကိုရပ်ပြီး သူကဖုန်းထုတ်ပြီး မိသားစုတွေဆီ ဖုန်းဆက်ခိုင်းတာ။ ဓားနဲ့ထိုးသွားတဲ့သူကိုလည်း လိုချင်ရင် ပစ္စည်းပဲယူပေါ့။ လူကိုဒုက္ခပေးသွားတယ်။ ဓားဒဏ်ရာတစ်ချက်တော့ရတယ်။ အခု သက်ဆိုင်ရာကိုတော့ တိုင်တန်းထားတယ် ” ဟုပြောသည်။
ဓားဖြင့်ထိုးခံရသည့် ဆိုင်ကယ်ကယ်ရီမောင်းသည့် အမျိုးသားမှာ နေပြည်တော်အတွင်း ဆိုင်ကယ်ကယ်ရီပြေးဆွဲမှု (၅) နှစ်ရှိပြီး ယခုဖြစ်စဥ်မှာ ပထမဦးဆုံးအကြိမ်ဖြစ်ကြောင်း၊ ထိုအမျိုးသားတွင် သား၊ သမီး (၄) ယောက်ရှိကြောင်း၊ ၎င်းတို့မှာ ပျဥ်းမနားမြို့နယ်၊ ညောင် (၂) နယ်မြေ ( ၆) တွင် နေထိုင်ကြောင်း သိရသည်။
အခင်းဖြစ်သည့် မေလ ၃၀ ရက် ညခင်းအချိန်တွင် ဇမ္ဗူသီရိမြို့နယ်၊ ကုတင် (၁၀၀၀) ဆေးရုံ၌ ဆေးကုသမူခံယူပြီး မေလ ၃၁ ရက် နံနက် ၆ နာရီဝန်းကျင်တွင် ဥတ္တရသီရိမြို့နယ်၊ ကုတင် ( ၅၀၀) ဆေးရုံသို့ လွှဲလိုက်ကြောင်း သိရသည်။