၃၁.၅.၂၀၂၄
Written By Zun
မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မန်းမြို့ဈေးအတွင်းရှိ ဆယ်သန်းရွှေဆိုင်ကို လူတချို့က သေနတ်ပစ် ဖောက် ဝင်ရောက်လာကာ ဓားပြတိုက်ယူသွားကြောင်း ဓားပြတိုက်ခံရသည့် ဆယ်သန်းရွှေဆိုင်က MT News ကို ယနေ့ မေလ ၃၁ ရက် ညနေပိုင်းတွင် အတည်ပြု ပြောကြားသည်။
“အခုက သက်ဆိုင်ရာက လာရောက်စစ်ဆေးနေပါတယ်။ စိစစ်နေကြဆဲ ဖြစ်တာကြောင့် အကြောင်းစုံကို ပြောဖို့ အဆင်မပြေသေးပါဘူး။ ညနေ ၃ နာရီခွဲလောက်က ဖြစ်တာ ဟုတ်ပါတယ်။ အခုကတော့ တာဝန်ရှိသူတွေ ဆိုင်ကိုရောက်နေကြပါတယ်”ဟု အဆိုပါ ရွှေဆိုင် တာဝန်ရှိသူက ပြောသည်။
လတ်တလောသိရသည်မှာ ဓားပြများက PDF များဖြစ်ဖွယ်ရှိပြီး ဓားပြတိုက်ယူသွားသောကြောင့် ရွှေချိန် ၂ ပိဿာခန့် ပါသွားကြောင်းလည်း သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၁၉ ရက်ကလည်း မန္တလေး ၃၉ လမ်း၊ ၈၄ လမ်း နှင့် ၈၅ လမ်းကြား ရှိ ဆယ်သန်း ရွှေဆိုင် ကို အမျိုးသား ၃ ဦးက မော်တော်ဆိုင်ကယ်ဖြင့်လာရောက်ပြီး ဓားပြတိုက်မှုဖြစ်ပွားခဲ့သေးပြီး ယင်းဖြစ်စဉ်ကြောင့် ကျပ် သိန်း ၆၀၀၀ ကျော် တန်ဖိုးရှိ ရွှေများ ပါသွားဖူးသေးသော ဖြစ်စဉ် ရှိခဲ့ဖူးသည်။
မန္တလေးတွင်၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလအတွင်းက လမ်း ၃၀၊ ၇၂ လမ်း နှင့် ၇၃ လမ်းကြားရှိ အောင်ရွှေဆိုင်တွင် ကျပ် သိန်းပေါင်း ၁၁၀၀၀ ကျော် ဓားပြတိုက်ခံခဲ့ရကာ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၃၀ ရက်တွင်လည်း မန္တလေး မြို့၊ မဟာအောင်မြေမြို့နယ်၊ ၈၄ လမ်း ၄၁ နှင့် ၄၂ လမ်းကြားရှိ “ပေါ်ဦး “ရွှေဆိုင်ကို ဓားပြတိုက်သောကြောင့် ရွှေထည်ပစ္စည်းမျိုးစုံ သိန်း(၁)ထောင်ကျော် ဆုံးရှုံးမှု ဖြစ်ပွားခဲ့သေးကြောင်း သိရသည်။ မန္တလေးမြို့ပေါ်တွင် နွေဦးတော်လှန်ရေးအစ ၂၀၂၁ ခုနှစ် နောက်ပိုင်း ရွှေဆိုင်များ ဓားပြတိုက်ခံရမှု မကြာခဏ ဖြစ်ပွားလျက် ရှိသည်။