MT News
Written By Myo Khine
ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်က ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲမှာ မဲမသမာမှုတွေ ရှိနေတာကို ရှင်းပေးဖို့ တပ်မတော်ဘက်က နည်းမျိုးစုံနဲ့ ပြောနေခဲ့ပေမဲ့ NLD ဦးဆောင်တဲ့ အစိုးရအနေနဲ့ ဒီအပေါ်မှာ မျက်နှာလွှဲ ခဲပစ်ဆိုသလို ပြုမူခဲ့တာကြောင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ တစ်ရက်နေ့ မနက်ပိုင်းမှာပဲ တပ်မတော်က အာဏာထိန်းလိုက်တယ်လို့ကြေညာပြီး နစကကို ဖွဲ့စည်းတာဝန်ယူနေတာ အခုဆိုရင် တဖြည်းဖြည်းနဲ့ ၂ နှစ် ပြည့်ဖို့ တစ်လစွန်းစွန်းပဲ လိုပါတော့တယ်။
ဒီလိုမျိုး အာဏာသုံးရပ်ရယူထားတဲ့ နစကရဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ စတင်တာဝန်ယူကတည်းက အခုအချိန်ထိ ရွေးကောက်ပွဲကို လုပ်ကိုလုပ်မယ်လို့လည်း အကြိမ်ကြိမ် ပြောဆိုနေတာပါ။
ဒါပေမဲ့ တချို့တွေကတော့ ဒီလို ရွေးကောက်ပွဲ လုပ်မယ်လို့ ပြောတာဟာ နစကအနေနဲ့ ဆက်လက်အာဏာကြီးစိုးရေးကိုပဲ လုပ်နေတာ ဖြစ်တယ်လို့ ထင်မြင်စွပ်စွဲ ပြောဆိုနေကြတာလည်း ရှိနေပါတယ်။
ဒါပေမဲ့ တိုင်းရင်းသားလက်နက်ကိုင်တချို့က နစကရဲ့ ငြိမ်းချမ်းရေးကမ်းလှမ်းချက်တွေအပေါ်မှာ အလေးထားလက်ခံဆွေးနွေးသူတချို့လည်း ရှိနေတာကြောင့် တစ်ကြောင်း၊ ရွေးကောက်ပွဲကို နယ်မြေအေးချမ်းတဲ့ ဒေသတွေမှာ လုပ်လို့ရတယ်ဆိုတာကြောင့်တစ်ကြောင်း လာမယ့် ၂၀၂၃ ခုနှစ်မှာ နစကဟာ ရွေးကောက်ပွဲကို လုပ်ဖြစ်အောင်လုပ်မှာ ဖြစ်တယ်လို့လည်း ယုံကြည်နေသူတွေ ရှိနေပါတယ်။
“SAC က လုပ်ကို လုပ်ဖြစ်အောင်လုပ်မယ်လို့ ယုံကြည်တယ်။ မလုပ်ဖြစ်ဘူးဆိုရင်လည်း နစကသည် ဖြစ်လာမယ့် အကျိုးဆက်ကို တွက်ချက်ချိန်ဆထားပြီပြီလို့လည်း ယုံကြည်တယ်။ အဲဒါကြောင့်လုပ်ကို လုပ်ဖြစ်မယ်လို့ အဲဒီလိုပဲ ယူဆတယ်။ ဘာကြောင့်လဲလို့ ပြောရရင် အာဏာရယူတဲ့ကာလကစလို့ တစ်လျှောက်လုံးပြောလာတာက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အရေးပေါ်ကာလ ပြဌာန်းချက်ပါအတိုင်း အာဏာကိုထိန်းသိမ်းထားရတာလို့ ပြောတယ်။ အဲဒီတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်း သွားမယ်ဆိုတဲ့သဘော သက်ရောက်တယ်။ အဲဒါကြောင့် နစကရဲ့ ရှေ့လုပ်ငန်းစဉ် ၅ ရပ်ဆိုတဲ့ Road Map မှာ အဓိက က ရွေးကောက်ပွဲကို ဦးတည်တယ်။ ရွေးကောက်ပွဲကြောင့် ဖြစ်လာတဲ့ ရွေးကောက်ခံပုဂ္ဂိုလ်တွေကို သတ်မှတ်တဲ့ကာလမှာ အာဏာလွှဲပြောင်းပေးမယ်။ အဲဒီတော့ နစကရဲ့ ရည်မှန်းချက်သည် ရွေးကောက်ပွဲပဲ။ ရွေးကောက်ပွဲဆိုတဲ့ ရည်မှန်းချက်ပြည့်အောင် သူကလုပ်မယ်။ ရွေးကောက်ပွဲ မဖြစ်ခဲ့ရင်ဆိုတဲ့ဟာက ဒုတိယတစ်ခုအနေနဲ့ပဲ သူ စဉ်းစားမယ်။ အဲဒီတော့ ရွေးကောက်ပွဲသည် သူ့ဘက်က လုပ်ကို လုပ်မယ်။ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရပြဋ္ဌာန်းပြီးသားရည်မှန်းချက် ဖြစ်တယ်”လို့ ရခိုင့်ဦးဆောင်ပါတီရဲ့ ဥက္ကဋ္ဌဒေါက်တာအေးမောင်က ပြောပါတယ်။
လက်ရှိ နစကအနေနဲ့ အာဏာထိန်းတယ်ပဲ ပြောပြော၊အာဏာသိမ်းတယ်ပဲပြောပြော ဒီတစ်ကြိမ်နဲ့ဆိုရင် မြန်မာနိုင်ငံမှာ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးတဲ့နောက်ပိုင်း တပ်မတော်က အုပ်ချုပ်နေတာဟာ ၁၉၆၂ ခုနှစ်က တစ်ကြိမ်၊ ၁၉၈၈ ခုနှစ်က တစ်ကြိမ်၊ အခုတစ်ခါဆိုရင် တတိယအကြိမ် ဖြစ်သွားပါပြီ။
အခုတစ်ကြိမ်မှာ ဖြစ်ပျက်မှု အနေအထားတွေကတော့ အားပြိုင်မှုတွေက ကြီးကြီးမားမားဖြစ်တာကြောင့် ပဋိပက္ခလည်း ကြီးမားနေဆဲဖြစ်တယ်ဆိုတာ အားလုံးလည်း သိပြီးသား ဖြစ်နေကြမှာပါ။
NUG ရဲ့ ယာယီသမ္မတဖြစ်တဲ့ ဒူဝါလရှီးလကလည်း ရွေးကောက်ပွဲ မဖြစ်အောင် လုပ်မယ်လို့ ပြောနေသလို နစကဘက်က လက်ရှိ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကြီးက ရွေးကောက်ပွဲကို အကြားအလပ်မရှိ လုပ်ပေးမယ်လို့ ပြောနေတာကြောင့် အကြောင်းအရာ နှစ်ခုကတော့ လားရာလုံး၀မတူဘဲ ဆန့်ကျင်နေတာကို တွေ့ရတယ်လို့ နိုင်ငံရေး လေ့လာသူတွေက ပြောနေကြပါတယ်။
“ရွေးကောက်ပွဲ လုပ်ဖြစ်ရင် ပြည်သူကရွေးကောက်တင်မြှောက်တဲ့ အစိုးရတစ်ရပ်ပေါ်မယ်။ မလုပ်ဖြစ်ရင် ပြည်သူက ရွေးကောက်တင်မြှောက်တဲ့ အစိုးရတစ်ရပ်မပေါ်ဘူး။ လုပ်ဖြစ်လို့ ပြည်သူက ရွေးကောက်တင်မြှောက်တဲ့ အစိုးရရဲ့ စကားဖြစ်တဲ့အတွက်ကြောင့်မို့လို့ ပိုပြီးတော့ Legitimate ဖြစ်မယ်။ အားကောင်းမယ်။ မလုပ်ဖြစ်ရင် Legitimate အားမကောင်းဘူး။ ဒါတွေက အားပြိုင်မှုပါပဲ” လို့ နိုင်ငံရေး လေ့လာသုံးသပ်သူ တစ်ဦးက ထောက်ပြပြောဆိုပါတယ်။
သူက အီရတ်မှာ ဆဒမ်ဟူစိန် မရှိတော့ရင်၊ လစ်ဗျားမှာ မူအမ္မာကဒါဖီမရှိတော့ရင် တိုင်းပြည်ကြီးကတော့ အရမ်းကောင်းမှာပဲလို့ ပြောခဲ့ကြပေမဲ့ ဆဒန်ဟူစိန်မရှိတော့လည်း အီရတ်ကြီးလည်း ဒီလိုပဲ။ ယောင်ပေပေ ကြောင်ပေပေပဲ။ ကဒါဖီ မရှိတော့လည်း လစ်ဗျားလည်း ယောင်ပေပေ ကြောင်ပေပေပါပဲ။ အဲဒီလိုပဲ မြန်မာနိုင်ငံမှာဆိုရင် တချို့တွေက ဦးနေဝင်းကြီးမျက်ကွယ်ပြုသွားရင် တိုင်းပြည်မှာ စစ်အာဏာရှင်မရှိတော့ဘူး ပွဲပြီးသွားပြီလို့ ပြောကြပေမဲ့ ဦးသန်းရွှေကြီး ဘွားကနဲ ပေါ်လာပြီး ဦးသန်းရွှေကြီးနားသွားပြီးတော့လည်း ဦးမင်းအောင်လှိုင်ကြီး ဘွားကနဲပေါ်လာခဲ့သလို အခုလည်း ဦးမင်းအောင်လှိုင်ကြီး အနားယူတာမျိုးဆိုရင်လည်း နောက်တစ်ယောက် ဘွားကနဲ ပေါ်လာဦးမှာပါပဲလို့ အမည်မဖော်လိုတဲ့ နိုင်ငံရေး လေ့လာသုံးသပ်သူက မြင်သာထင်သာ ဖြစ်အောင် ပြောပြပါတယ်။
လက်ရှိမှာ နစကကို လက်မခံဘူးလို့ပြောကြတဲ့ နိုင်ငံတွေ ရှိနေကြပေမဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက ဒီအချိန်ထိ စကားတွေအများကြီးပြောနေတဲ့ အမေရိကန်လိုနိုင်ငံ အပါအဝင် သံရုံးပိတ်ပြီးတော့ ပြန်သွားတဲ့နိုင်ငံ ဘယ်နှစ်နိုင်ငံရှိနေလို့လဲလို့ သူက မေးခွန်းထုတ်ပါသေးတယ်။
“ဘယ်လိုပဲပြောပြော ဒီမိုကရေစီကိုသွားချင်ပါတယ်ဆိုလို့ရှိရင် ဒီမိုကရေစီနဲ့ ရွေးကောက်ပွဲ၊ ရွေးကောက်ပွဲနဲ့ ဒီမိုကရေစီ ဆိုတာကတော့ ခေါင်းနဲ့ ပန်းပဲ။ ဒီမိုကရေစီကို သွားချင်ရင် ရွေးကောက်ပွဲ လုပ်ကိုလုပ်ရမယ်။ ရွေးကောက်ပွဲ မလုပ်စေချင်ဘူးလား။ ဒါဆိုရင် ဒီမိုကရေစီကို မယူနဲ့။ ရှင်းရှင်းလေးပဲ။ အခု ရွေးကောက်ပွဲ မဖြစ်ရင် တပ်က သူ့ဟာသူတက်ပြီးအုပ်ချုပ်သွားမှာ။ ပိုတောင်ကြိုက်ဦးမယ်။ အဲဒီတော့ ရွေးကောက်ပွဲ မဖြစ်ပါစေနဲ့။ ရွေးကောက်ပွဲ မဖြစ်ပါစေနဲ့လို့ လုပ်နေတဲ့ လူတွေ အားလုံးဟာ ဘယ်အဖွဲ့အစည်းက လူပဲဖြစ်ဖြစ် အဲဒီလူတွေအားလုံးဟာ တပ်ကို ထောက်ခံနေတဲ့ သူတွေချည်းပဲ။ ကြိတ်ပြီးထောက်ခံတာနဲ့ ဗြောင်ထောက်ခံတာနဲ့ ဒါပဲ ကွာတယ်”လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နိုင်ငံရေး လေ့လာသုံးသပ်သူက ပြတ်ပြတ်သားသားဆိုပါတယ်။
ပါတီနိုင်ငံရေးကို တစိုက်မတ်မတ်လုပ်ဆောင်နေတဲ့ နိုင်ငံရေးသမားတစ်ယောက်ကတော့ လက်ရှိ နိုင်ငံရေး အကျပ်အတည်းမှာ ရွေးကောက်ပွဲဟာ ထွက်ပေါက်ဖြစ်တယ်လို့ သူ့အမြင်ကို ပြောပြပါတယ်။ ထွက်ပေါက်ဆိုတာက တိုင်းပြည်ကို ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်စေချင်တဲ့ အတွေးအခေါ် အယူအဆနဲ့ပြောပြတာလို့လည်း ဆက်ပြောပါတယ်။
လက်ရှိမှာ အကျပ်အတည်းကာလကို တော်တော်များများ ရင်ဆိုင်ပြီးသွားပြီဖြစ်လို့ တည်ငြိမ်စလည်း ဖြစ်လာပြီဆိုတော့ တည်ငြိမ်တဲ့ ဒေသတွေမှာ ရွေးကောက်ပွဲ ကျင်းပမယ်လို့ ယုံကြည်ကြောင်းနဲ့ ရွေးကောက်ပွဲသည်သာ နှစ်ဖက် အကျပ်အတည်းမှာ ထွက်ပေါက် ဖြစ်လာဖို့ မျှော်လင့်ချက်ရောင်နီလည်းတစ်ခုလည်း ဖြစ်တယ်လို့ သူ့သဘောထားကို ပြောပြပါတယ်။
“တိုင်းပြည်မှာ ဖြစ်နေတဲ့ပြဿနာက ငါသာလျှင်ဆိုတဲ့ အတ္တ။ တိုင်းပြည်ပျက်သုဉ်းသွားတာကို မကြိုက်ဘူး။ တည်တည်ငြိမ်ငြိမ်နဲ့တည်ဆောက်ပြီးတော့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ကျွန်တော်တို့ငယ်စဉ်ကတည်းက ပြောလာနေကြတဲ့ ဖက်ဒရယ်ပေါ့။ ဒါတွေကို သွားဖို့ဆိုတာ တည်ငြိမ်မှရမှာလေ။ ဒီဥစ္စာကို မျှော်လင့်တယ်။ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ကတိကဝတ်ပေါ့နော်။ ပေးနိုင်ရင် ပိုကောင်းတယ်လို့ မြင်တယ်။ ရွေးကောက်ပွဲအနေနဲ့ PR စနစ်ကို သွားမယ်လို့ အခြေခံအားဖြင့်သိပေမဲ့ ဘယ်လိုမော်ဒယ်သွားမယ်ဆိုတာ တိတိကျကျ အဖြေတော့ မထွက်သေးဘူး။ သို့သော် PR စနစ်သည် နိုင်ငံရေးသမားတော်တော်များများ ရောက်သင့်ရောက်ထိုက်တဲ့သူတွေ လွှတ်တော်ထဲကိုရောက်သွားလိမ့်မယ်လို့ မြင်တယ်ပေါ့နော်။ သို့သော် အဲဒါကိုလည်း မျှမျှတတ သုံးသပ်ဖို့တော့ လိုတာပေါ့။ ငါက ပါတီကြီးဆိုပြီး ပါတီကြီးဝါဒနဲ့ တစ်ပါတီအာဏာရှင် ပုံစံမျိုး ကျွန်တော်တို့ တိုင်းပြည်မှာ ဖြစ်ပျက်ခဲ့တဲ့ အလေ့အထ အကျင့်ဖြစ်နေတာကိုး။ အဲဒီဥစ္စာကို ချေဖျက်ပြီးတော့ ရာထူးမဟုတ်တဲ့ တာဝန်ခွဲဝေယူပြီးတော့ တိုင်းပြည်ပြန်လည် တည်ဆောက်မယ်ဆိုရင် အရမ်းကောင်းသွားမယ်လို့ မြင်ပါတယ်”လို့ သူက ရှင်းပြပါတယ်။
ရွေးကောက်ပွဲကို PR စနစ် လုပ်မယ်လို့ ဆိုတဲ့အတွက် နိုင်ငံရေးသမားတော်တော်များများ ရောက်သင့်ရောက်ထိုက်တဲ့သူတွေ လွှတ်တော်ထဲကိုရောက်သွားလိမ့်မယ်လို့ မြင်တယ်လို့ သူက ပြောပါတယ်။
“ရွေးကောက်ပွဲကို မကြိုက်သူတွေ အပေါ်မှာ ပြောချင်တာကတော့ စစ်ဘောင်ကျယ်တာကို ခံမလား။ စစ်ဘောင်ကျဉ်းတာကို ခံမလား။ ဒါကိုတော့ ပြည်သူလည်းမြင်သင့်တယ်။ နိုင်ငံရေးသမားတွေလည်း မြင်သင့်တယ်။ အရပ်ဘက်အဖွဲ့အစည်းတွေလည်း မြင်သင့်တယ်။ အရပ်သားအစိုးရ ဖြစ်သွားတယ်ဆိုရင်တော့ စစ်ဘောင်ကျဉ်းသွားတယ်လို့ သတ်မှတ်ရမှာပဲလေ။ ရွေးကောက်ပွဲလုပ်မှာကို မကြိုက်လို့ No Vote လုပ်မယ့်သူတွေ အပေါ်မှာ သူတို့ရဲ့ ရွေးချယ်မှုဖြစ်လို့ မပြောလိုဘူး။ ဒါပေမဲ့ ဒါကို ပြန်ပြီးတော့ သုံးသပ်သင့်ပြီ။ ၂၀၁၀ တုန်းကလည်း No Vote တွေ လုပ်ခဲ့ကြတာပဲ။ သို့သော် နောက်ဆုံး ရွေးကောက်ပွဲ ပြီးတော့ အလုံးအရင်းနဲ့ အုပ်စုလိုက်ပြန်ဝင်ကြတာလည်း ဒီနိုင်ငံရေးအုပ်စုတွေပဲ။ ဒါကြောင့် အပြုသဘောဆောင်ပြီးတော့ လုပ်သင့်တယ်။ ရွေးကောက်ပွဲ ပျက်စီးရာပျက်စီးကြောင်းလုပ်ရင်တော့ စစ်ဘောင်ပိုကျယ်လာမယ်လို့ပဲ ပြောချင်တယ်။ တိုင်းပြည်အတွက်ကို ဖြည့်တွေးပြီးတော့ စဉ်းစားသင့်တယ်လို့ပဲ အကြံပြုချင်တယ်”လို့ ပါတီနိုင်ငံရေးကို တစ်စိုက်မတ်မတ် လုပ်ဆောင်နေတဲ့ နိုင်ငံရေးသမားတစ်ယောက်က သူ့ရဲ့ သဘောထားကို ပြောပြပါတယ်။
အာဏာရှင်ကို တိုက်ထုတ်တဲ့အခါ ရွေးကောက်ပွဲဟာ အခရာကျတယ်လို့ မျှမျှတတ စဉ်းစားကြတဲ့ နိုင်ငံရေးသုံးသပ်သူတွေက ပြောနေကြပါတယ်။ အာဏာရှင်ဆိုတဲ့နေရာမှာ ပါတီအာဏာရှင်ဖြစ်ဖြစ်၊ စစ်တပ်အာဏာရှင်ဖြစ်ဖြစ် ဘယ်အာဏာရှင်ပဲ ဖြစ်ဖြစ် မကြိုက်တဲ့အတွက် အာဏာရှင်မဖြစ်အောင် ဝိုင်းဝန်းထိန်းသိမ်းရင်းနဲ့ တိုင်းပြည်ကို ပြန်လည်တည်ဆောက်သင့်တယ်။ စစ်ဘောင်မကျယ်ဖို့လည်း ဝိုင်းပြီးစဉ်းစားသင့်ပြီလို့ မြင်ပါတယ်လို့ သူက ဆိုပါတယ်။
ရခိုင့်ဦးဆောင်ပါတီရဲ့ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်ကတော့ “ရွေးကောက်ပွဲပျက်အောင် ဖျက်တဲ့သူတွေရဲ့ ရည်မှန်းချက်သည် ကာကွယ်ရေးဦးစီးချုပ်ကို ထပ်ပြီးတော့ တစ်နှစ်အာဏာ ပြန်ယူပေးပါလို့ တောင်းပန်ဆောင်ရွက်စေသလို ဖြစ်သွားမှာပေါ့။ တကယ်လို့ ရွေးကောက်ပွဲကို ပျက်အောင်ဖျက်ရင် နောက် ၆ လ၊ ၆ လ နှစ်ကြိမ် ဆက်သွားမှာပေါ့”လို့ ဆိုပြန်ပါတယ်။
သူက ရွေးကောက်ပွဲကို ကျင်းပတဲ့အခါ No Vote တွေ၊ဖျက်လိုဖျက်ဆီးလုပ်တဲ့အင်အားစုတွေ၊ ရွေးကောက်ပွဲကြောင့် ဖြစ်လာတဲ့လွှတ်တော်ကို အသိအမှတ်မပြုဘူးလို့ ကြေညာတဲ့သူတွေ ရှိကောင်းရှိနိုင်မှာဖြစ်ပေမဲ့ ကာလုံဟာ ဖွဲ့စည်းပုံအခြေခံဥပဒေပါအတိုင်း ရွေးကောက်ပွဲဖြစ်မြောက်အောင် လုပ်ရပါမယ်လို့ ပြောပါတယ်။
မြို့၊ ရွာ၊ ရပ်ကွက်၊ ကျေးရွာတွေ အကုန်လုံးမှာ ရွေးကောက်ပွဲဖြစ်မှ ရမယ်ဆိုတာမျိုး ပြဋ္ဌာန်းထားတာမရှိတဲ့အတွက် ရွေးကောက်ခံတဲ့ အမတ်တချို့ပေါ်လာမှာ ဖြစ်သလို အကယ်၍ မြို့နယ်ပေါင်း ၃၃၀ မှာ အားလုံးမကျင်းပနိုင်ခဲ့လို့ ရွေးကောက်ခံတွေနဲ့ ဖွဲ့စည်းထားတဲ့လွှတ်တော်မှာ သတ်မှတ်ထားတဲ့ အမတ်ဦးရေ မပြည့်ခဲ့ဘူးဆိုရင် အာဏာကို လွှဲပြောင်းပေးလို့ ရနိုင်တဲ့အနေအထားမရှိတာကြောင့် ပြည်ထောင်စုလွှတ်တော် ခေါ်လို့မရဘူးဆိုတာတော့ ရှိလာနိုင်တယ်လို့ သုံးသပ်ပါတယ်။ ဒါပေမဲ့ လူထုကိုယ်စားပြုအမတ်တွေ ပေါ်လာတာကြောင့် ရွေးကောက်ခံပါတီဘက်က ကိုယ်စားပြုတဲ့ ကိုယ်စားလှယ်တွေနဲ့ SAC ဟာ အစိုးရအဖွဲ့တစ်ဖွဲ့ကို မဖွဲ့ဘူးလို့လည်း မပြောနိုင်ဘူးလို့ ဒေါက်တာအေးမောင်က သုံးသပ်ပြပါတယ်။
နိုင်ငံတစ်ခုကို စီမံအုပ်ချုပ်မယ်ဆိုရင် အစိုးရတစ်ရပ် တင်မြှောက်မယ်ဆိုရင် ပြည်သူလူထုရွေးကောက်ပွဲနဲ့ပဲ ဖြစ်စေ၊ လက်နက်ကိုင်နည်းနဲ့ အနိုင်ရလာတဲ့ တိုင်းပြည်ဖြစ်စေ ပထမဆုံးလိုအပ်တာက အခြေခံဥပဒေပဲဖြစ်ပါတယ်။ အခြေခံဥပဒေဆိုတာ တိုင်းပြည်ကို အုပ်ချုပ်မယ့်သူတွေကို ရွေးချယ်တင်မြှောက်ပြီးတော့ ဒီဥပဒေတွေနဲ့ ပြည်သူလူထုကို ဘယ်လို အခွင့်အရေးတွေ ပေးပြီးအုပ်ချုပ်မယ်။ အုပ်ချုပ်ရေးယန္တရားတွေကို ဘယ်လို ဖွဲ့စည်းမယ်။ တရားစီရင်ရေး၊ တရားဥပဒေပြုရေးကို ဘယ်လို အပြန်အလှန်အလှန် Check and Balance လုပ်မယ်ဆိုတာကို သတ်မှတ်ထားတာဖြစ်ပါတယ်။ အခုအချိန်မှာ အခြေခံဥပဒေကို ဖျက်ပစ်ပါလို့ ပြောနေတာတွေက ပထမဆုံး ပြောရမယ့် ကိစ္စလည်း မဟုတ်ဘူးလို့ နိုင်ငံရေးလေ့လာသုံးသပ်သူ သီပေါအမတ်ဟောင်း ဦးရဲထွန်း (သီပေါ) က ဆိုပါတယ်။
“အခု တချို့လူတွေက ၂၀၀၈ အခြေခံဥပဒေ ဖျက်။၂၀၀၈ အခြေခံဥပဒေဖျက် ဆိုတော့ ပြောတာလွယ်တယ်။ သို့သော် အခြေခံဥပဒေ ဖျက်ပြီးတဲ့အခါကျရင် ဘယ်အခြေခံဥပဒေနဲ့ တိုင်းပြည်ကို အုပ်ချုပ်ကြမလဲ။ ဖျက်နိုင်တဲ့ အနေအထား ရှိပြီလား။ ဆိုလိုတာက အခြေခံဥပဒေကိုဖျက်မယ်ဆိုလို့ရှိရင် အခု စစ်တပ်က စပွန်ဆာလုပ်ထားတဲ့ ၂၀၀၈ အခြေခံဥပဒေကိုဖျက်ပြီး ဘာနဲ့အစားထိုးမှာတုန်း။ သူတို့ ရေးထားတဲ့ အခြေခံဥပဒေရော ရှိပြီလား။ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ပေါင်းပြီးတော့ ရေးမယ်ဆိုရင်လည်း အဲဒါကရော အားလုံးသဘောတူညီချက် ရပြီလား။ ရတယ်ဆိုလို့ ရှိရင်ရော အဲဒီက အခြေခံဥပဒေမူကြမ်းကြီးကို အတည်ပြုဖို့အတွက် အဲဒီအတည်ပြုမယ့်အင်အားစုက တစ်နိုင်ငံလုံးကို အုပ်ချုပ်နိုင်စွမ်းရှိပြီလား။ ဘာမှ မရှိသေးဘူး။ ဘာမှ မရှိဘဲနဲ့ လေနဲ့ပြောနေတာ။ လေနဲ့ ပြောနေတာက အခြေခံဥပဒေ ဖျက် ဖျက် ဆိုတဲ့ ဥစ္စာက ပထမဆုံး ပြောရမယ့် ကိစ္စမဟုတ်ဘူး။ အခြေခံဥပဒေဖျက်ချင်ရင် အဲဒီအခြေခံဥပဒေကိုဖျက်ချင်တယ်။ ဖျက်ပါလို့တိုက်တွန်းချင်တယ်ဆိုရင် ဟုတ်ပြီ။ တပ်ကို ပြန်ရေးခိုင်းမှာလား။ သူတို့ရေးတာကိုလက်မခံနိုင်ဘူးဆိုရင် အဲဒီအသစ်ရေးဆွဲချင်တဲ့အုပ်စုက အနိုင်ရနေပြီလား။ အဲဒီဟာကို အာဏာတည်ဖို့ပြဋ္ဌာန်းနိုင်ဖို့ အခြေအနေရှိပြီလား။ ကိုယ့်လက်ထဲမှာ အာဏာမရှိသေးဘဲနဲ့ အခြေခံဥပဒေဖျက်။ အခြေခံဥပဒေဖျက်နဲ့ ပျက်ပြီဆိုကြပါစို့။ ခင်ဗျားတို့မကြိုက်လို့ ဖျက်လိုက်ပြီဆိုရင် သူကနောက်ထပ်အခြေခံဥပဒေအသစ်ဆွဲဖို့အတွက်က အချိန်ကလိုတယ်နော်။ အခြေခံဥပဒေကို ဟိုကိုးကား ဒီကိုးကားပြီး ဆွဲလို့ရှိရင်တော့ မကြာဘူးပေါ့။ ဒါပေမဲ့ အဲဒီလို အခြေခံဥပဒေဆွဲပြီးတဲ့အခါကျတော့ ဘာရည်ရွယ်တာတုန်း။ တိုင်းပြည်မှာရှိတဲ့ အခုလက်နက်ကိုင်ပဋိပက္ခဖြစ်နေတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေက သဘောတူလာပြီးတော့ ဒီအခြေခံဥပဒေကိုထောက်ခံတဲ့အခါကျတော့ အဲဒီအခြေခံဥပဒေအတိုင်းလေးစားလိုက်နာပြီးတော့ ရွေးကောက်ပွဲဝင်ဖို့အတွက် နိုင်ငံရေးပါတီတွေထောင်ကြမှာလား။ မထောင်ဘူးဆိုလို့ရှိရင် ၂၀၀၈ ဆွဲတုန်းကလိုဖြစ်မယ်လေ။၂၀၀၈ ဆွဲပြီးတဲ့အခါကျတော့ အတည်ပြုပြီးတဲ့အခါကျ လက်နက်ကိုင်အဖွဲ့အစည်းတွေက သဘောမတူတော့ဘူးဆိုပြီး မဝင်တော့ဘူး။ အဲဒီအခြေခံဥပဒေဆွဲသာဆွဲ ထွက်လာတယ်။ ရည်ရွယ်ချက်က မမြောက်ဘူး။ အခုဖျက်လိုက်။ ဖျက်လိုက်ဆိုတာက အဲဒီအဖွဲ့အစည်းတွေက မကြိုက်လို့ပေါ့ဗျာ။ မြေပေါ်မြေအောက်အဖွဲ့အစည်းတွေက မကြိုက်လို့ဖျက်လိုက်။ အဲဒါပြန်ရေးဆိုတော့တပ်က အဲဒီပြန်ရေးမယ့်ဟာကို သဘောတူဖို့လိုသလို တိုင်းရင်းသားအဖွဲ့အစည်းအသီးသီး၊ လက်နက်ကိုင်အဖွဲ့အစည်းအသီးသီးကလည်း သဘောတူဖို့လိုတယ်။ နောက် NLD။ အခု မြေအောက်လက်နက်ကိုင် တိုက်ခိုက်နေတဲ့အဖွဲ့တွေကလည်း သဘောတူဖို့လိုတယ်။ ဆိုတော့ အဲဒီလိုသဘောတူညီမှုရဖို့အတွက် အချိန်က ဘယ်နှစ်နှစ်ကြာမှာလဲ။ သဘောတူဖို့ရောလွယ်ပါ့မလား။ ပြဿနာကအဲ့ဒါလေ။ အခုသူတို့အချင်းချင်းဟိုဘက်မှာ NUG နဲ့ NUCC တို့ ဘာတို့ဖွဲ့ပြီးတဲ့အခါကျတော့ အခုအခြေခံဥပဒေရေးဖို့လုပ်တာတောင်မှ စကာစပဲရှိသေးတယ်။ ပျက်သွားပြီလေ။ ဘာမှထပ်မလုပ်နိုင်ဘူးလေနော်။ NUCC ဆိုတာကြီးက သူတို့ရည်မှန်းချက်က နောင်အနာဂတ်မှာနိုင်ငံတော်ကို သူတို့အုပ်ချုပ်ခွင့်ရတဲ့အခါကျရင် အသုံးပြုဖို့ အခြေခံဥပဒေရေးဆွဲဖို့လေ။ အဲဒါကို အချင်းချင်း ဟိုဟာဖြစ်တာနဲ့ ပထမဦးဆုံးစပြီးအဖွဲ့ထဲက NLD ကစထွက်တာလေ။ နောက်ပြီး ခရိုင်အလိုက် ထွက်တယ်လေ။ အဲဒါကဘာလဲဆိုရင် အဲဒီမှာအခြေခံဥပဒေရေးဖို့အတွက်သဘောထားတွေ ယေဘုယျ တီးခေါက်ကြည့်လိုက်တဲ့အခါမှာ သူတို့ မဖြစ်တဲ့အချက်တွေပါလာမှာစိုးလို့။ အဲဒါကြောင့် သူတို့လက်ရှောင်ပြီး ထွက်သွားကြတာ။ ပြောချင်တဲ့အဓိကအချက်က အခြေခံဥပဒေရေးဖို့အားလုံးသဘောတူဖို့ဆိုတာက အတော်ခက်တယ်။ မလွယ်ဘူး။ အဲဒီလိုခက်တဲ့အနေအထားအောက်မှာ တပ်ကို ၂၀၀၈ ကြီးကို ဖျက်ပစ်လိုက်လို့ပြောရင် သူကဖျက်ပြီးလို့ရှိရင် သူပဲဆက်ပြီးအုပ်ချုပ်နေမှာလေ။ ၂၀၀၈ ကို ခင်ဗျားတို့သဘောမကျဘူး။ ဖျက်တယ်ဗျာဆိုပြီးဖျက်လိုက်ပြီးတော့ ၈၈ ကနေပြီးတော့ ၂၀၁၀ ကြား တပ်အုပ်ချုပ်သလိုမျိုးအကြာကြီးအုပ်ချုပ်သွားမှာပေါ့”လို့ သူက ပြောပါတယ်။
လက်ရှိမှာ နစက အနေနဲ့ ရွေးကောက်မလုပ်ဖြစ်ခဲ့လို့ရှိရင် အခြေခံဥပဒေကိုဖျက်သိမ်းတဲ့အထိ ဖြစ်သွားနိုင်တာယ်လို့လည်း သီပေါအမတ်ဟောင်း ဦးရဲထွန်း (သီပေါ) က ထပ်ပြောပြပါတယ်။
“အခြေခံဥပဒေက ၂ နှစ်ပဲပေးထားတာကိုး။ ၂ နှစ်ပဲတပ်က အရေးပေါ်အခြေအနေအောက်မှာ စီမံခန့်ခွဲခွင့်ပေးထားတာလေ။ ပြီးရင် ၂ နှစ်ပြည့်တာနဲ့သူက လက်ရှိ သမ္မတတို့ဘာတို့ အားလုံးကိုပြန်အပ်ရမယ်။ ပြန်အပ်လိုက်တဲ့အခါ သူကအခြေခံဥပဒေမှာဆိုထားတာက အဲဒီလိုပြန်အပ်လိုက်တဲ့အခါမှာ လွှတ်တော်တွေမရှိတော့ဘူး။ လွှတ်တော်တွေ သက်တမ်းကုန်နေပြီဆိုရင် ရွေးကောက်ပွဲအသစ်ကျင်းပရမယ်လို့ သူက အဲဒီလိုဆိုတယ်။ ဒါကြောင့်မို့ သူတို့က ၂၀၂၃ သြဂုတ်လမတိုင်ခင် ၆ လအတွင်းရွေးကောက်ပွဲကျင်းပပေးပါ့မယ်လို့ ပြောနေတာ။ အဲ့ဒါ အခြေခံဥပဒေအတိုင်း ပြောနေတာ။ အခြေခံဥပဒေမှာ ရေးထားတာက တိုင်းပြည်အခြေအနေကို ထိန်းဖို့အတွက် ၁ နှစ်ပေါ့ဗျာ။ ၁ နှစ်ပြီးတဲ့အခါ ကာကွယ်ရေးဦးစီးချုပ်က သူထမ်းဆောင်တဲ့တာဝန်က မပြီးမြောက်သေးဘူးဆိုရင် သာမန်အားဖြင့် ၆ လနှစ်ကြိမ်သက်တမ်းတိုးနိုင်သည်လို့ ဆိုထားတဲ့အတွက် ၂ ခါတိုးပြီးလို့ ၂ နှစ်ပြည့်သွားတော့ သာမန်အားဖြင့် သူက နောက်ထပ်ထပ်ပြီး အုပ်ချုပ်တာမျိုး နောက်ထပ်တစ်နှစ်ဖြစ်ဖြစ် ၆ လဖြစ်ဖြစ် အုပ်ချုပ်တာမျိုးပဲ ရှိနိုင်တယ်။ အဲဒါက အခြေခံဥပဒေအပေါ်မှာ ဘယ်လိုအဓိပ္ပါယ်ကောက်ယူသလဲဆိုတာနဲ့ ဆိုင်တယ်။ သူက “ရွေးကောက်ပွဲလုပ်ဖို့က အခြေအနေမပေးဘူးဆိုရင် ဥပဒေမှာရေးထားတဲ့စာသားအရ သာမန်အခြေအနေမဟုတ်တဲ့အတွက် နောက်ထပ် ၆ လ၊ ၆ လ သက်တမ်းတိုးခွင့်ပြုပါလို့ ထပ်ပြီးတောင်းဆိုတာမျိုး။ အခု ဒုသမ္မတ ဦးမြင့်ဆွေနဲ့ ကာလုံကိုတောင်းဆိုပြီး ခွင့်ပြုပေးလိုက်လို့ရှိရင်” သူက ထပ်တောင်းဆိုတဲ့ကာလ ကုန်သွားတဲ့အခါမှာတော့ မုချလုပ်ပေးရမယ်။ ဒါကအခြေခံဥပဒေမှာ ဆိုထားတဲ့ပြဋ္ဌာန်းချက်ကို ဘယ်လိုအဓိပ္ပါယ်ကောက်သလဲဆိုတာကို ပြောတာပါ။ အခြေခံဥပဒေကို မဖျက်ချင်တဲ့နစကနဲ့ အခြေခံဥပဒေကိုရေးဆွဲခဲ့တဲ့ ဦးသန်းရွှေတို့ရဲ့သဘောထားဆန္ဒက အဲဒီအတိုင်းရှိပါလိမ့်မယ်။ သူတို့က ၂၀၀၈ အခြေခံဥပဒေကို မဖျက်ချင်ဘူး။ မဖျက်ချင်တဲ့အခါ သူတို့ရွေးကောက်ပွဲလည်း မလုပ်ချင်သေးဘူးဆိုရင် အဲဒီအတိုင်း လုပ်နိုင်တာပေါ့နော်။ နောက်တစ်ချက်က ၂၀၀၈ က အများကလည်း မကြိုက်ဘူး။ အဲဒီတော့ ၂၀၀၈ ကိုဖျက်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ငြိမ်းချမ်းရေးလည်းရချင်တယ်ဆိုရင်၂၀၀၈ ကိုဖျက်လိုက်ပြီးတဲ့အခါ ငြိမ်းချမ်းရေးဆွေးနွေးပွဲကျင်းပမယ်ဆိုပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေက သဘောကျတဲ့ အများစုသဘောကျတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲတာမျိုးကို လုပ်နိုင်တာပေါ့နော်။ အဲဒါကတော့ စစ်အုပ်ချုပ်ရေးပိုကြာသွားတာပေါ့”လို့ သူက ခွဲခြမ်းစိတ်ဖြာ ပြောပြပါတယ်။
အခြေခံဥပဒေမရှိတော့တဲ့အခါမှာ အဲဒါကိုရေးဆွဲဖို့အတွက် တိုင်းပြည်တစ်ခုမှာ အင်အားလွှမ်းမိုးမှုရှိတဲ့ တစ်နိုင်ငံလုံးကို သို့မဟုတ် နိုင်ငံရဲ့ အစိတ်အပိုင်းအများစုကို လွှမ်းမိုးနိုင်တဲ့ အုပ်စုတစ်စုက လက်နက်နဲ့ပဲ အုပ်ချုပ်ပါလိမ့်မယ်။ အစိုးရက အခြေခံဥပဒေမရှိဘူးဆိုလို့ အခြေခံဥပဒေရေးဆွဲရဦးမယ်ဆိုပြီးတော့ စစ်တပ်က လက်နက်နဲ့ အုပ်ချုပ်ခဲ့တဲ့ ကာလဟာ မြန်မာနိုင်ငံမှာ အတွေ့အကြုံအများကြီး ရှိခဲ့ပါတယ်။ အထူးသဖြင့် ၁၉၈၈ နောက်ပိုင်းမှာ ရွေးကောက်ပွဲလုပ်ပြီးတော့မှ NLD က အနိုင်ရခဲ့တဲ့အခါ ရွေးကောက်ပွဲနိုင်တာဟုတ်ပြီ။ အခြေခံဥပဒေ မရှိသေးဘဲ ဘာနဲ့ အုပ်ချုပ်မှာလဲဆိုတော့ အခြေခံဥပဒေ ရေးကြရအောင်ဆိုပြီး အခြေခံဥပဒေရေးတာ ၁၄ နှစ်လောက် ကြာသွားခဲ့တာမျိုး ရှိခဲ့တာကြောင့် အခြေခံဥပဒေရဲ့ အရေးပါမှု အရေးကြီးမှုတွေကိုသိနားလည်ဖို့ လိုတယ်လို့လည်း ဦးရဲထွန်းက ထောက်ပြပြောဆို သတိပေးထားပါသေးတယ်။
သေချာတာကတော့ ၂၀၂၃ မှာ NUG က အဖျက်အမှောင့်ပိုလုပ်လာရင် နယ်မြေအားလုံးမှာ ရွေးကောက်ပွဲကျင်းပနိုင်တဲ့ အခြေအနေမရှိရင် SAC ကပဲ အထူးအားဖြင့် ခြောက်လဆက် သက်တမ်းတိုးပေးဖို့ တောင်းဆိုတာ၊ အခြေခံဥပဒေပျက်ပြီလို့ တပ်ဘက်က တရားဝင်ထုတ်ပြောလာတာနဲ့ ဖွဲ့စည်းပုံအခြေခံပျက်ပြယ်သွားတဲ့အတွက် ဥပဒေရေးဆွဲနေဆဲကာလမှာ အာဏာဆက်လက်ထိန်းတာတာမျိုးလည်း ဆက်ကြုံရနိုင်ပါတယ်။ ပကတိအခြေအနေကို ချိန်ဆမယ်ဆိုရင် NUG ဟာ အခြေခံဥပဒေလည်း မဆွဲနိုင်ရွေးကောက်ပွဲ မပျက်ပျက်အောင်ဖျက်မယ်၊ ကိုယ့်ဘက်မှာ အာဏာလည်းမရှိ၊ နိုင်ငံ့ နယ်မြေထက်ဝက်ချုပ်ကိုင်နိုင်ပြီလို့သာ ပြောနေပေမဲ့ ပြည်တွင်းတောင် ပြန်ဝင်မလာရဲဘဲ ခြေဥပျက်သွားပြီ။ ကြုံးဝါးနေတာမျိုးဟာ တပ်မတော်အာဏာသက်တမ်းရှည်အောင် NUG ကိုယ်တိုင်က ပခုံးထမ်းတင်ပေးနေတာလို့ပဲ ပြောရတော့မှာပါ။