၃၁.၅.၂၀၂၄
Translated by Htwe Ko Tun
အိန္ဒိယနိုင်ငံ၏ အရှေ့ပိုင်းပြည်နယ်များဖြစ်သော ဘီဟာပြည်နယ်နှင့် အိုဒီရှာပြည်နယ်တို့တွင် အပူလှိုင်း ရိုက်ခတ်ကာ အပူချိန်လွန်ကဲစွာမြင့်တက်လာခဲ့ရာ ဒေသခံပြည်သူများ အားအင်ကုန်ခမ်း ယုတ်လျော့မှုများဖြစ်ပွားလာခဲ့ပြီး မေလ ၃၀ ရက် တစ်ရက်တည်း၌ပင် ဒေသအတွင်း လူ ၁၅ ဦးသေဆုံးခဲ့ရကြောင်း ဒေသအာဏာပိုင်များက ပြောခဲ့ကြသည်။
မေလ ၃၀ ရက်တွင် အပူရှိန်ကြောင့် အိုဒီရှာပြည်နယ်၏ ရောကီလာဒေသဆေးရုံတွင် လူဆယ်ဦး သေဆုံးခဲ့ရသည်။ ကျန်ငါးဦးက ထိုနေ့တွင်ပင် ဘီဟာပြည်နယ် အော်ရွန်ဂါဘတ်မြို့၌ အပူလျှပ်ကာ သေဆုံးခဲ့ကြရခြင်းဟု သိရသည်။ အော်ရွန်ဂါဘတ်ခရိုင်အတွင်း မေလ ၂၉ ရက်ကလည်း အနည်းဆုံး လူခုနစ်ဦးသေဆုံးခဲ့ရပြီး ၎င်းတို့သေဆုံးရခြင်း၏အကြောင်းရင်းကိုမူ ခွဲစိတ်စစ်ဆေးနေဆဲဟုဆိုသည်။
အိုဒီရှာပြည်နယ်အတွင်းတွင် ပြည်နယ်အစိုးရက ၎င်း၏ အလုပ်သမားများအား အပူချိန်အမြင့်ဆုံးဖြစ်သော နံနက် ၁၁ နာရီမှ မွန်းလွဲ ၃ နာရီအတွင်း ပြင်ပအလုပ်လုပ်ကိုင်ဆောင်ရွက်မှုများ လုံးဝမပြုရန် တားမြစ်ထားသည်။
အိန္ဒိယနိုင်ငံက အပူချိန်အလွန်မြင့်သော နွေဥတုနှင့် ကြုံတွေ့နေရကာ မြို့တော် နယူးဒေလီတွင်ဆိုလျှင် ယခု ရက်သတ္တပတ်အတွင်း အပူချိန် ၅၂ ဒသမ ၉ ဆယ်လ်စီးယပ်စ်( ၁၂၇ ဒသမ ၂၂ ဒီဂရီ ဖာရင်ဟိုက်)အထိ စံချိန်တင်ရောက်ရှိကာ နိုင်ငံ၏အမြင့်မားဆုံးအပူချိန်လည်းဖြစ်ခဲ့သည်။အပူလှိုင်းကြောင့် အိန္ဒိယနိုင်ငံ၏ဒေသအချို့တွင် ဇွန်လ ၁ ရက်အထိဆက်လက်၍ အပူချိန်မြင့်တက်နေမည်ဟုလည်းခန့်မှန်းရသည်။
အိန္ဒိယနိုင်ငံမိုးလေဝသဌာနကလည်း အိန္ဒိယနိုင်ငံ၏ အနောက်မြောက်နှင့်အလယ်ပိုင်းဒေသများတွင် လာမည့်ရက်များအတွင်း အပူချိန်များကျဆင်းနိုင်သည်ဟု မျှော်လင့်ရသော်လည်း နှစ်ရက်ခန့် ဆက်လက်ပူပြင်းနိုင်သေးကာ အပူလှိုင်းကြောင့် အပူချိန်က ပုံမှန်ထက် ၄ ဒသမ ၅ ဒီဂရီ ဆယ်လ်စီးယပ်စ်မှ ၆ ဒသမ ၄ ဒီဂရီ ဆယ်လ်စီးယပ်စ် အထိ မြင့်တက်နိုင်ကြောင်းခန့်မှန်းထားသည်။
အိန္ဒိယနိုင်ငံနှင့် အိမ်နီးချင်းပါကစ္စတန်နိုင်ငံတို့တွင် ရာသီဥတုပြောင်းလဲမှုဒဏ်ကြောင့် လူဦးရေ ဘီလျံနှင့် ချီ၍ အပူလှိုင်းရိုက်ခတ်မှုကိုခံနေရကြောင်း သိရသည်။
Ref–MSN