၃၁.၅.၂၀၂၄
Written By Zun
ပုဂံဒေသမှာ မြေယာဝယ်မယ်ဆိုရင် အမှားအယွင်းမရှိစေဖို့အတွက် မဝယ်ခင်မှာ ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ) ကို ဆက်သွယ်မေးမြန်းစုံစမ်းနိုင်တယ်လို့ လတ်တလောမှာ အသိပေးကြေညာထားတာနဲ့ပတ်သက်ပြီး ပုဂံဒေသက မြေယာတွေဝယ်ယူရောင်းချသူတွေကြား ဘယ်လိုဂယက်တွေရှိနေလဲဆိုတာကို MT News သတင်းဌာနက နေပြည်တော်က ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(စီမံ/ဘဏ္ဍာ) ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်ကို ဆက်သွယ်မေးမြန်းထားမှုကနေ ကောက်နုတ်ဖော်ပြပေးလိုက်ပါတယ်။
MT News ◾ ပုဂံဒေသမှာ မြေယာဝယ်မယ်ဆိုရင် အမှားအယွင်းမရှိစေဖို့အတွက် မဝယ်ခင်မှာ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ) ကို ဆက်သွယ်မေးမြန်းစုံစမ်းနိုင်တယ်လို့ အသိပေးကြေညာထားတာတွေ့ပါတယ်။ ဒါက ဘယ်လိုအခြေအနေတွေကြောင့် ကြေညာရတာလဲ သိပါရစေ။
ဦးအောင်အောင်ကျော် ◾ ဟိုမှာက ရောင်းမှားဝယ်မှားတွေဖြစ်ကြတယ်ပေါ့။ ရောင်းမှား၊ ဝယ်မှားတွေဖြစ်ကြတဲ့အပေါ်မှာမလိုအပ်ဘဲနဲ့ ကာယကံရှင်တွေအနေနဲ့ ငွေကြေးဆုံးရှုံးမှုတွေဖြစ်မယ်။ နောက်တစ်ချက်က အဆောက်အအုံမဆောက်ရတဲ့နေရာမှာ ကိုယ်ကဝယ်လိုက်မိလိုက်လို့ရှိရင်လည်း မလိုလားအပ်တဲ့ပြဿနာတွေဖြစ်မယ်။ ဒါကြောင့်မို့ရောင်းမှား၊ ဝယ်မှားမဖြစ်ရအောင် ပြဿနာတွေမဖြစ်ရအောင် ဘယ်လိုဟာမျိုး မြေဝယ်မယ်ဆိုလို့ရှိရင်သက်ဆိုင်ရာ ဒီရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ)ကို လာရောက်ပြီးတော့ ကိုယ်ဝယ်မယ့်နေရာဟာ အဆောက်အဦဆောက်လို့ရသလား၊ ဒါတွေဟာ ကိုယ်လုပ်ချင်တဲ့လုပ်ငန်းနဲ့ရည်ရွယ်ချက်နဲ့ စသဖြင့်၊ ဒီနေရာမှာ စိုက်ပျိုးရေးလုပ်လို့ရမလားဆိုတဲ့ဟာ တွေ လုပ်လို့ ရ မရပေါ့။ ရောင်းမှား၊ ဝယ်မှားမဖြစ်အောင်တိုင်ပင်သင့်တယ်ဆိုပြီးတော့ ပညာပေးတဲ့၊ အကြံပေးတဲ့ အနေနဲ့ကြေညာချက်လေးထုတ်ရတာဖြစ်ပါတယ်။
MT News ◾ ဒါဆိုလို့ ရှိရင် ပုဂံဒေသမှာ ရောင်းမှားဝယ်မှားတွေ ဖြစ်စဉ်တွေ ရှိနေတယ်ဆိုတဲ့ သဘောမျိုးလား။ ဘယ်လို ဖြစ်စဉ်မျိုး ရှိခဲ့ဖူးပါသလဲ။ ပြောပြပေးစေလိုပါတယ်။
ဦးအောင်အောင်ကျော် ◾ ပုဂံယဉ်ကျေးမှုအမွေအနှစ်ဇုန်ကြီးထဲမှာဆိုရင် အဓိက(၃) ခုရှိတယ်။ ပထမကတော့ မြို့မြေဆိုတာရှိပါတယ်။ ညောင်ဦးမြို့၊ ပုဂံမြို့သစ်၊ မြို့မြေဆိုပြီးသတ်မှတ်ထားတဲ့နေရာရှိပါတယ်။ ဒုတိယတစ်ပိုင်းကတော့ ကျေးရွာမြေအဖြစ် တရားဝင်အသိအမှတ်ပြုထားတဲ့မြေအဝန်းအဝိုင်းကိုဆိုလိုပါတယ် ခင်ဗျာ။ ဒီအဝန်းအဝိုင်းမြို့ မြေနဲ့ ကျေးရွာမြေ၊ ပြင်ပမြေဟာ ရှုခင်းမြေတွေဖြစ်ပါတယ်။ မြေယာရှုခင်းမြေတွေမှာ ယာမြေလည်းရှိမယ်။လယ်မြေလည်းရှိမယ်။ အခြားမြေလည်းရှိမယ်။ အဲဒီမြေနေရာတွေကို မြေယာရှုခင်းမြေလို့ ယေဘုယျအားဖြင့် ဒီလိုခေါ်ပါတယ်။ အဲဒီတော့ အဆောက်အအုံဆောက်မယ်ဆိုလို့ရှိရင် မြို့ပြမြေဧရိယာထဲမှာဝယ်ထားတယ်ဆိုလို့ရှိရင် မြို့ပြမြေဧရိယာမှာသတ်မှတ်ထားတဲ့ စည်းမျဉ်း၊ စည်းကမ်းနဲ့အဆောက်အအုံဆောက်လုပ်ဖို့ လုပ်ရတယ်။ကျေးရွာထဲမှာဝယ်ထားလို့ရှိရင် ကျေးရွာထဲမှာအဆောက်အဦဆောက်လို့ရမယ့် စည်းမျဉ်း၊ စည်းကမ်းတွေကို လိုက်နာပြီးတော့ ဆောင်ရွက်ရပါတယ်။ ဒီကျေးရွာမြေနဲ့ မြို့မြေနဲ့မဟုတ်တဲ့ ဒီအခြားမြေတွေမှာဆိုရင်အဆောက်အဦဆောက်လို့မရပါဘူးခင်ဗျ။
သာမန်အားဖြင့် အဆောက်အအုံဆောက်မယ်ဆိုရင်လည်းယာယီအဆောက်အအုံသာ ဆောက်လို့ရပါတယ်။ ဆိုကြပါစို့။ ကျွန်တော်တို့ ယာမြေတွေ၊ လယ်မြေတွေမှာ ယာလုပ်ငန်း၊ လယ်လုပ်ငန်းတွေဆောင်ရွက်နေတဲ့အချိန်မှာ ယာသီးနှံလုပ်တဲ့အချိန်ကာလအတွက် ဒီအသီးအနှံအခင်းကိုစောင့်ရှောက်ဖို့ရာ လိုအပ်တဲ့အစောင့်အတွက် ယာယီအစောင့်တဲ။ နေထိုင်လို့ရတဲ့တဲသာသာကိုပဲ တစ်ရာသီအတွက်ကို ဆောက်ခွင့်ပြုထားတဲ့စည်းမျဉ်း၊ စည်းကမ်းတွေထုတ်ထားတဲ့အတွက် ဖြစ်ပါတယ်။ ဒါကြောင့်မို့ ကိုယ်ဝယ်မယ့်မြေဟာ ကိုယ်ကဘာအသုံးချမှာလဲ။ ဒီမြေတွေနဲ့ပတ်သက်ပြီးတော့ အမှန်တကယ်ကိုယ်အသုံးချမယ့်၊ရည်ရွယ်ထားတဲ့လုပ်ငန်းလုပ်လို့ရမရက တိုင်ပင်ရင် ပိုပြီးတော့ အမှားအယွင်းတွေနည်းအောင်လို့ ဖြစ်ပါတယ်ခင်ဗျ။ဥပမာ- မြို့မြေထဲမှာတော့ဝယ်ထားတယ်။ ကျေးရွာထဲမှာတော့ ဝယ်ထားတယ်။ ဒါပေမဲ့ ကိုယ်ဝယ်ထားတဲ့မြေနေရာက ရှေးဟောင်းအဆောက်အအုံနဲ့မလွတ်လို့ ဆောက်လို့မရဘူးဆိုလို့ရှိရင်လည်း ဒါသူ့အနေနဲ့ဆုံးရှုံးမယ်။ နောက်တစ်ခုက သူ့မှာမြေပိုင်ဆိုင်မှုရှိမယ်ဆိုရင်တောင် ဆောက်မယ်ဆိုရင်လည်း ပြဿနာနဲ့ရင်ဆိုင်ရမယ်။ တချို့ကြတော့ မြို့မြေ၊ ဒါမှမဟုတ် ကျေးရွာမြေထဲမှာလည်းမပါဘူး။ မြေဂရန်ကလည်းရထားပြီးသားလို့ပဲ ဆိုပါတော့။ ဥပမာ အနှစ်(၃၀)မြေဂရန်ရထားတယ်ဆိုပါတော့။ ဒီလိုမြေဂရံတွေရထားသော်လည်း မြို့မြေနဲ့ကျေးရွာမြေထဲမှာ ပါမထားဘူးဆိုရင်တော့ ဒီဟာတွေဟာ အဆောက်အဦဆောက်လုပ်ခွင့်မရှိပါဘူး။ ဒီလိုသာဓကတွေရှိနေပါတယ်။ဒီဟာတွေဟာဆိုရင် မြေယာအရှုပ်အရှင်းတွေလည်း ရှိနေပါတယ်။ နောက်တစ်ခုက ယာမြေကတော့ ယာမြေထဲမှာရှိတယ်။ ယာမြေကို အခြားနည်းသုံးစွဲခွင့်လည်း ကျပြီးပြီ။အခြားနည်းသုံးစွဲခွင့်ကျပြီးပြီမို့လို့ အဆောက်အအုံ ဆောက်လုပ်ချင်တယ် ဆိုရင်လည်း ယဉ်ကျေးမှုအမွေအနှစ်ဒေသထဲမှာ ခွင့်မပြုပါဘူး။ အခြား ယဉ်ကျေးမှုအမွေအနှစ်ဒေသရဲ့အပြင်ဘက်မှာဆိုရင်တော့ တချို့ယာမြေတွေ၊ အခြားမြေတွေမှာ၊ အခြားနည်းသုံးစွဲခွင့်တွေကျပြီဆိုရင်လည်း အိမ်ယာအဆောက်အဦတွေကို ယဉ်ကျေးမှုအမွေအနှစ်ဒေသထဲမှာတော့ ဆောက်လုပ်လို့ မရပါဘူး။ ဒီလို ဆောက်လုပ်ခွင့်မရတဲ့နေရာတွေမှာဆောက်လုပ်တဲ့အတွက် ပြဿနာဖြစ်ပြီးတော့ ဖြေရှင်းနေရတဲ့သာဓကတွေလည်း အခု အချိန်အထိ ရှိပါသေးတယ်ခင်ဗျ။
နောက်တစ်ခုကမြို့မြေအဖြစ်ဧရိယာထဲမှာရှိတယ်။ ဒါမှမဟုတ် ကျေးရွာမြေဧရိယာထဲမှာရှိတယ်။ သူ့ဆီမှာလည်းမြေဂရန်ဟာ ကိုယ့်လက်ထဲမှာရထားပြီးပြီ။ ဒါပေမဲ့ကိုယ်ပိုင်ဆိုင်တဲ့မြေရဲ့မြေအောက်မှာ မမြင်ရတဲ့ ရှေးဟောင်းအဆောက်အဦတွေရှိတယ်လို့ ယုံကြည်လို့၊ ဒါမှမဟုတ် ထင်ရှားတဲ့ အထောက်အထားရှိတယ်ဆိုရင်လည်း အဲဒီနေရာမှာ အဆောက်အဦဆောက်လုပ်ခွင့်မပေးပါဘူး။ ရှေးဟောင်းအဆောက်အအုံနဲ့ပတ်သက်တာတွေ တွေ့တာမျိုးဆိုရင် ဒီနေရာကိုရှောင်ရှားရပါတယ်။ နောက်တစ်ခုက အချို့ နေရာမျိုးမှာဆိုရင် မြို့မြေ မြေဧရိ ယာထဲမှာရှိတယ်။ ကိုယ့်မှာလည်း ဂရန်ကလည်းကျပြီးသား။ ဒါပေမဲ့လို့ ကိုယ့်မြေ၊ ကိုယ့် အိမ်ခြံမြေရဲ့ပတ်ပတ် လည်မှာ ရှေးဟောင်းအဆောက်အဦတွေရှိတယ်။ရှေးဟောင်းအဆောက်အဦတွေကြားထဲမှာ ကိုယ့်မြေကွက်လေးက ကျရောက်နေတယ်။ ကိုယ့်မြေကွက်ဟာအထောက်အထားအပြည့်အစုံနဲ့ ပိုင်ဆိုင်ထားပြီးသားဖြစ်တယ်။ သို့သော် ပေ ၁၂၀ မကွာလို့ရှိရင် အဆောက်အဦဆောက်လို့မရဘူးဆိုတာကြောင့် ကိုယ့်မြေဟုတ်တယ်ဆိုရင်လည်း အဆောက်အဦဆောက်လို့မရဘူးလို့ ဖြစ်သွားတာပေါ့နော်။ စည်းမျဉ်း၊ စည်းကမ်းအရပေ့ါ၊ ဒါမျိုးတွေဖြစ်သွားတဲ့အခါမှာ မလိုလားအပ်တဲ့ဆုံးရှုံးမှုတွေဖြစ်လာနိုင်တယ်။ ရောင်းတဲ့သူတွေကတော့ သူကတော့ ရောင်းထွက်အောင်ပြောမှာပေါ့။ အဲ့လိုဖြစ်စဉ်တွေဖြစ်တာကြောင့် ဒါမျိုးတွေမဖြစ်အောင်ကြိုတင်ပြီးတော့ ကြေညာရခြင်းဖြစ်ပါတယ်။
MT News ◾ အဲဒီနယ်မြေတွေမှာ စိုက်ပျိုးရေးလုပ်တဲ့ မြေတွေနဲ့ ပတ်သက်ပြီးတော့ကော ဘယ်လို သတ်မှတ်ထားတာရှိပါသလဲ။
ဦးအောင်အောင်ကျော် ◾ စိုက်ပျိုးရေးလုပ်ငန်းဆိုရင် ဒီဘုရားတွေကြားထဲမှာရှိတဲ့အတွက် ယာမြေတွေ LandScaping လို့ ခေါ် ပါတယ်။ ယာမြေတွေကိုခေါ်ပါတယ်။ ယဉ်ကျေးမှုအမွေအနှစ် နယ်မြေတွေထဲမှာ သီးနှံပြောင်းလဲစိုက်ပျိုးခွင့်ရဖို့ ဆိုတာက ကန့်သတ်ချက်တွေရှိပါတယ်ခင်ဗျာ။ဥပမာ-ကျွန်တော်တို့ပုဂံမှာ စုစုပေါင်းရှေးဟောင်းအဆောက်အအုံပေါင်း ၃၀၀၀ ကျော်ရှိတယ်။ အများအားဖြင့် ရှေးဟောင်းအဆောက်အအုံတွေရဲ့အမြင့်ဟာလည်း ၄၅ ပေ၊ ပေ ၆၀ ဝန်းကျင်လောက်မှာများသောအားဖြင့်ရှိပါတယ်။ ဘုရားပုထိုးတွေ၊ ဘုရားပုထိုးတွေက အမြင့်ကြီးတွေ ရှိတယ်ဆိုပေမဲ့ အလယ်အလတ်အဆင့်တွေက ပိုပြီးတော့များပါတယ်။ ဒီကြားထဲမှာ ရှိတဲ့သီးနှံတွေဟာ သီးနှံပြောင်းပြီးတော့ နှစ်ရှည်သီးနှံပင်ကြီးတွေစိုက်လိုက်မယ်ဆိုရင် ဒီမြင်ကွင်းတွေကို ဖုံးကွယ်သွားမှာ။ ဒါကြောင့်မို့ ဒီ မြင်ကွင်းတွေ၊ မြေယာရှုခင်းတွေကိုဖုံးကွယ်သွားနိုင်တဲ့ သီးနှံပင်တွေကိုလည်း ကန့်သတ်ထားပါတယ်။ ဒါကြောင့်မို့လို့ သီးနှံစိုက်ဖို့ရာအတွက်ရည်ရွယ်လို့ပဲဝယ်ဝယ်၊ အဆောက်အဦဆောက်လုပ်ဖို့၊ စီးပွားရေးလုပ်ငန်းလုပ်ဖို့ရည်ရွယ်လို့ပဲဝယ်ဝယ်၊ ကိုယ်ဝယ်မယ့်မြေနေရာသည် ကိုယ်ရည်ရွယ်ထားတဲ့ လုပ်ငန်းကို လုပ်လို့ရနိုင်၊ မရနိုင်ဆိုတာကို ဒါတွေကိုတိုင်ပင်ပြီးတော့ အကြံဉာဏ်ရယူဖို့ရာအတွက် ကျွန်တော်တို့က ပြဿနာမဖြစ်အောင်၊ ပြဿနာနည်းအောင် ကျွန်တော်တို့က ဆုံးရှုံးမှုတွေမရှိအောင် ကျွန်တော်တို့က ဒါလေးကို အသိပေးနှိုးဆော်ရခြင်းဖြစ်ပါတယ်။
MT News ◾ မြေယာအရှုပ်အရှင်းတွေ၊ ပြဿနာတွေတက်လာတာမျိုးကို လက်ရှိအချိန်ထိကြုံနေရတုန်းလား။ ကြုံနေရတယ်ဆိုရင်လည်း အရေအတွက် ဘယ်လောက်ထိ ရှိနေသလဲ။ ပြဿနာတွေကို ဌာနအနေနဲ့ ကြားက ဘယ်လို လုပ်ပေးခဲ့ရတာ ရှိသလဲ သိပါရစေ။
ဦးအောင်အောင်ကျော် ◾ အခုအချိန်အထိကြုံနေရဆဲလည်းရှိပါတယ်ခင်ဗျာ့။ ကျွန်တော် အရေအတွက်အနေနဲ့တော့ ပြောဖို့ရာ ခက် ပါတယ်။ ဘာလို့လဲဆိုတော့ ဆိုလိုတာက မြို့ပြဧရိယာရဲ့အပြင်ဘက်မှာ မြေငှားဂရန်ပိုင်ဆိုင်မှုရထားပြီးတော့အဆောက်အအုံမဆောက်ရတဲ့မြေတွေ ရှိပါတယ်။နောက်တစ်ခုက ယာခင်းတွေထဲမှာ အဆောက်အအုံဆောက်လို့ အရေးယူခံရတဲ့ဟာတွေရှိပါတယ်။ မြို့မြေဧရိယာလို့ သတ်မှတ်ထားတဲ့နေရာတွေမှာ မြေငှားဂရန်ရထားပြီးတော့လည်းပဲ ရှေးဟောင်းအဆောက်အအုံနဲ့နီးကပ်နေတဲ့အတွက် အဆောက်အအုံဆောက်လုပ်ခွင့်မရလို့ ကျွန်တော်တို့ အရှုပ်အရှင်းတွေ၊ ဖြေရှင်းနေရတာတွေလည်း ဒီကနေ့အထိတိုင်ပဲရှိနေပါသေးတယ်။ အလုပ်လုပ်ချင်တဲ့သူက အလုပ်လုပ်ဖို့ရာရည်ရွယ်ပြီးတော့ ဝယ်တာယ်။ ဒါပေမဲ့လည်း စည်းမျဉ်း၊ စည်းကမ်းတွေကို ဂဃနဏ မသိတဲ့အခါမျိုးမှာ ပြဿနာဖြစ်တတ်တယ်ပေါ့။နောက်တစ်ခုက ဒါဟာယဉ်ကျေးမှုအမွေအနှစ်ဒေသဖြစ်တယ်။ အထူးသဖြင့် ကမ္ဘာ့အမွေအနှစ်ယဉ်ကျေးမှုအမွေအနှစ်ဒေသထဲမှာတောင်မှ ဒါမြန်မာပြည်မှာ ဒီတစ်နေရာတည်းပဲရှိတယ်။ အရှေ့တောင်အာရှမှာတောင် ဒီလိုနေရာမျိုးမရှိတဲ့ဒေသဖြစ်တဲ့အတွက် အထူးပိုပြီးတော့ဂရုစိုက်ရတဲ့သဘောတရားတွေရှိပါတယ်။ စည်းမျဉ်း၊စည်းကမ်းသတ်မှတ်ချက်တွေကို မသိဘဲနဲ့ ဒီလိုဖြစ်စဉ်မျိုးတွေဖြစ်လာတဲ့အခါမျိုးမှာ မလိုလားအပ်ဘဲရှင်းရတယ်။ကာယကံရှင်တွေအနေနဲ့လည်း ငွေကြေးကုန်ကျမှုတွေလည်းများတယ်။ ပြီးတော့ အဆောက်အအုံလည်းမဆောက်ရဘူး။ မလိုအပ်ဘဲနဲ့လည်း ဖြေရှင်းဆောင်ရွက်ရမှုတွေရှိပါတယ်။ ဒါကြောင့်မို့လို့ ဒီလိုမျိုး အမှားအယွင်းမဖြစ်အောင် ကျွန်တော်တို့ဌာနတွေကတော့ာဒီမြေကိုလုပ်ပါ။မလုပ်ပါနဲ့လို့ပြောတာထက် ဒီစည်းမျဉ်း၊ စည်းကမ်းက ဒီလိုရှိပါတယ်။ ဒီမြေကတော့ ဒီလိုတော့လုပ်လို့ရတယ်။ မရဘူး စသဖြင့် အကောင်းဆုံး အကြံဉာဏ်ကိုပေးနိုင်ပါတယ်ခင်ဗျ။ အကောင်းဆုံးအကြံအဉာဏ်ကိုပေးနိုင်ခြင်းအားဖြင့်ကျွန်တော်တို့က အမှားအယွင်းနည်းအောင် တစ်ဖက်တစ်လမ်းက ကူညီတဲ့သဘောမျိုးဖြစ်ပါတယ်။
MT News ◾ အခုလိုရှင်းပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ရှင့်။