၃၁.၅.၂၀၂၄
Written by Hey Mar
ဘေးအိမ်က အမျိုးသမီးက ရန်ငြိုးရန်စမရှိဘဲ ရုတ်တရက်ဓားနဲ့ခုတ်တာကြောင့် မူလတန်းကျောင်းအုပ်ဆရာကြီးဇနီးသည် ပြင်းထန်ဒဏ်ရာတွေရရှိခဲ့တဲ့ဖြစ်စဉ် ဒီနေ့ မေလ ၃၁ ရက်နေ့ မွန်းလွဲချိန်မှာ ပဲခူးတိုင်း အုတ်တွင်းမြို့နယ်အပိုင် ဝဲဒေါင့်ကျေးရွာအုပ်စုမှာဖြစ်ပွားခဲ့တယ်လို့ ရင်ခုန်သံရှင်သန်ရေး ရှင်ရေးကူညီမှုအသင်း(အုတ်တွင်းမြို့)မှ သိရပါတယ်။
ဖြစ်စဉ်က အုတ်တွင်းမြို့နယ် ဝဲထောင့်ကျေးရွာအုပ်စု ရှမ်းရွာနေ ကျောင်းအုပ်ဆရာကြီး ဦးကျော်မင်း (မူ/လွန် ကြို့ကုန်း)ရဲ့ ဇနီး ဒေါ်ခင်စန်းအေး နေအိမ်မှာ တစ်ဦးတည်း ရှိနေစဉ် အိမ်နီးနားချင်းဖြစ်သူ မဆွေဇင်ခိုင်က ယောင်္ကျားမွေးနေ့ နီးနေလို့ ပြက္ခဒိန်ကြည့်ပါရစေ ဆိုကာ ဝင်ရောက်လာပြီး ဒေါ်ခင်စန်းအေးအား ရုတ်တရက် ဓားဖြင့်အချက်ပေါင်းများစွာ ခုတ်/ထိုးရာ ဒေါ်ခင်စန်းအေးမှာ ဘယ်ဘက်လက်ဖျံနဲ့ လက်မောင်း / လည်ပင်းရှေ့ထိုးသွင်းဒဏ်ရာ/ နောက်လည်ပင်းဂုတ်သားထိုးသွင်းဒဏ်ရာ၊ ရင်ညွန့်နဲ့ နောက်ကျော ထိုးခုတ်ဒဏ်ရာတွေ ရရှိခဲ့ကာ သတိလစ်နေတာကြောင့် အခင်းဖြစ်နေရပ်ကနေ တောင်ငူဆေးရုံကြီးဆီ အရေးပေါ် တင်ပို့ပေးခဲ့ရတယ်လို့ အဆိုပါဖြစ်စဉ်ကို မြေပြင်အကူအညီသွားရောက်ခဲ့တဲ့ ရင်ခုန်သံရှင်သန်ရေး ရှင်ရေးကူညီမှုအသင်း တာဝန်ရှိသူက MT News ကို ပြောပါတယ်။
ရင်ခုန်သံရှင်သန်ရေး ရှင်ရေးကူညီမှုအသင်း တာဝန်ရှိသူက “သူတို့က ဖြစ်ဖြစ်ခြင်း ဖုန်းဆက်ခေါ်တာလည်း မဟုတ်ဘူး။ လူကိုယ်တိုင် ကျွန်တော့်အသင်းရုံးကို လာခေါ်တာဆိုတော့ ဝဲထောင့်ဘက်ကနေဆို ကျွန်တော်တို့ဆီ လှမ်းတယ်လေ။ အဲ့ဒီတော့ ၄၅ မိနစ်လောက် လွန်နေတော့ သွေးထွက်လွန်တာတွေလည်းဖြစ်နေပြီ။ သတိမရဘူး။ ခုတ်ချက်ကလည်း များတယ်။ ၈ ချက်လောက်ရှိတယ်”လို့ မြေပြင်မှာ ကြုံတွေ့ရတဲ့ အခြေအနေကို ပြောပြပါတယ်။