၃၁.၅.၂၀၂၄
Written by KL
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းအေးသာစံမြို့နယ်၊ အကွက် ၅၆၈၊ အောင်နန်းရှေ့ရပ်ကွက်ရှိ ပရဆေးသိုလှောင်ရုံ၌ ယနေ့ (မေလ ၃၁ရက်) နံနက် ၉ နာရီ မိနစ် ၄၀ ခန့်က ဂတ်စ်အိုးပေါက်၍ မီးလောင်မှုဖြစ်ပွားခဲ့ရာ မီးသတ်သမားတစ်ဦး အပါအဝင် ၁၁ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သွားရောက်ကူညီဆောင်ရွက်ခဲ့သည့် မန္တလေးတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီထံမှ သိရသည်။
“ဂတ်စ်အိုးကို ဘားသွားပိတ်တဲ့အချိန်မှာ ထပေါက်လို့ မီးသတ်သမားတစ်ယောက် ထိတယ်လို့ သိရတယ်။ အနားမှာရှိတဲ့ ကျား ၁၀ ယောက်၊ မ ၁ ယောက်လည်း တစ်ကိုယ်လုံးမီးလောင်ဒဏ်ရာတွေ၊ မီးဟပ်ခံရတဲ့ ဒဏ်ရာတွေရရှိခဲ့တယ်”ဟု ကယ်ဆယ်ရေးသွားရောက်ဆောင်ရွက်ခဲ့သည့် ကြက်ခြေနီတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
မီးလောင်မှုမှာ Level 2 အဆင့် ယာဉ်အုပ်စု ထွက်ခွာငြှိမ်းသတ်ခဲ့ရပြီး နံနက် ၁၀ နာရီ မိနစ်၂၀ ခန့်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
မီးလောင်ဒဏ်ရာရရှိသူများကို မဏီစလ လူမှု၊ နာမှုကူညီရေးအသင်း၊ ချမ်းစံလူမှုယ်ဆယ်ရေးအဖွဲ့နှင့် အခြားသော လူမှုကူညီရေးအသင်းအဖွဲ့များက လူနာတင်ယာဥ်များဖြင့် မန္တလေးဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
ပရဆေးဂိုထောင် မီးလောင်မှုဖြစ်ပွားရာနေရာသို့ မန္တလေးတိုင်းကြက်ခြေနီ၊ ချမ်းအေးသာစံ၊ အောင်မြေသာစံ နှင့် ချမ်းမြသာစည်မြို့နယ်ကြက်ခြေနီအဖွဲ့ဝင် ၁၀ ဦးကျော်က သွားရောက်ကူညီခဲ့ပြီး မီးလောင်မှုဖြစ်ပွားပြီးနောက် ထိခိုက်ဒဏ်ရာရရှိသူ မီးသတ်တပ်ဖွဲ့ဝင်များကို လိုအပ်သော ရှေးဦးပြုစုခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။