၂၀.၁၂.၂၀၂၂
Written by Ye Kyaw
တစ်နှစ်ကျော်အတွင်း မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွနှုန်းသည် ၁၁ ရာခိုင်နှုန်းကျော်အထိ မြင့်တက်ခဲ့ပြီး လက်ရှိတွင် ငွေကြေးဖောင်းပွမှု မြင့်တက်မှုနှုန်း ၁၄ ရာခိုင်နှုန်းကျော်အထိရှိကြောင်း ဗဟိုစာရင်းအင်းအဖွဲ့မှ ထုတ်ပြန်သည့် စားသုံးသူဈေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်းအခြေအနေတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းသည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လတွင် ၂ ဒသမ ၈ ရာခိုင်နှုန်းသာရှိသော်လည်း ၂၀၂၂ ခုနှစ် ဇူလိုင်လတွင် ၁၄ ဒသမ ၀၂ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့သည်။ အဆိုပါကာလအတွင်း ငွေကြေးဖောင်းပွမှုနှုန်း မြင့်တက်မှုအား လေ့လာကြည့်ပါက ၂၀၂၁ ခုနှစ်၊ ဇူလိုင်လတွင် ၂ ဒသမ ၈ ရာခိုင်နှုန်း၊ ဩဂုတ်လတွင် ၃ ဒသမ ၂ ရာခိုင်နှုန်း၊ စက်တင်ဘာလတွင် ၃ ဒသမ ၆၄ ရာခိုင်နှုန်း၊ အောက်တိုဘာလတွင် ၄ ဒသမ ၃၄ ရာခိုင်နှုန်း၊ နိုဝင်ဘာလတွင် ၅ ဒသမ ၂၃ ရာခိုင်နှုန်း၊ ဒီဇင်ဘာလတွင် ၆ ဒသမ ၂၂ ရာခိုင်နှုန်းဖြင့် မြင့်တက်ခဲ့ခြင်းဖြစ်သည်။
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလတွင် ၇ ဒသမ ၃ ရာခိုင်နှုန်း၊ ဖေဖော်ဝါရီလတွင် ၈ ဒသမ ၃၅ ရာခိုင်နှုန်း၊ မတ်လတွင် ၉ ဒသမ၅၇ ရာခိုင်နှုန်း၊ ဧပြီလတွင် ၁၀ ဒသမ ၇၂ ရာခိုင်နှုန်း၊ မေလတွင် ၁၁ ဒသမ ၇၉ ရာခိုင်နှုန်း၊ ဇွန်လတွင် ၁၂ ဒသမ ၉၃ ရာခိုင်နှုန်း၊ ဇူလိုင်လတွင် ၁၄ ဒသမ ၀၂ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့သည်။ ၂၀၂၁ ခုနှစ် ဇူလိုင်လမှ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လအထိ ၁၃ လအတွင်း ၁၁ ရာခိုင်နှုန်းကျော်အထိ မြင့်တက်ခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံ၏ ငွေလဲလှယ်နှုန်းထားများမှာ ၂၀၂၁ ခုနှစ် နှစ်အစပိုင်းမှစတင်၍ တရိပ်ရိပ်မြင့်တက်ခဲ့ပြီး လက်ရှိအချိန် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ တစ်ဒေါ်လာလျှင် ၂၁၀၀ ကျပ် သတ်မှတ်ထားသည်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ငွေလဲလှယ်နှုန်းများ ထပ်မံတိုးမြှင့်မည်ဆိုသည့် သတင်းများ အများပြည်သူများအကြား ထွက်ပေါ်လာခဲ့သည်။
ထို့ကြောင့် ငွေလဲနှုန်းရည်ညွှန်းစျေး တစ်ဒေါ်လာ ၂၁၀၀ ကျပ်မှ ထပ်မံတိုးမြှင့်သွားမည်ဆိုခြင်းမှာ ကောလာဟလသာဖြစ်ပြီး ဈေးကွက်အတွင်း ဒေါ်လာများ ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၁၅ ရက်တွင် ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ အမေရိကန်တစ်ဒေါ်လာလျှင် ၂၁၀၀ ကျပ်ဖြင့် သတ်မှတ်ထားသော်လည်း ဒီဇင်ဘာ ၂၀ ရက် မနက်ပိုင်းတွင် ပြင်ပပေါက်ဈေးကွက်တွင် အမေရိကန်တစ်ဒေါ် လျှင် ၂၈၄၀ ဝန်းကျင်ရှိကြောင်း ပြင်ပပေါက်စျေးနှုန်း စျေးကွက်မှ သိရသည်။