၃၁. ၅. ၂၀၂၄
Written by Nyein Kyaw
စက်သုံးဆီတင်သင်္ဘောများ ပုံမှန်အဆက်မပြတ် ရောက်ရှိနေခြင်းအပြင် အရန်စက်သုံးဆီများပါ ရောက်ရှိနေသောကြောင့် စက်သုံးဆီဖူလုံမှုရှိပြီး ဈေးနှုန်းများလည်း ပြန်လည်ကျဆင်းခဲ့ကြောင်း စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ သိရသည်။
ပြည်ပမှ စက်သုံးဆီတင်သင်္ဘောများသည် ကြိုတင်စီမံထားသည့်အတိုင်း ပုံမှန်အဆက်မပြတ် ဝင်ရောက်ရှိပြီး Terminal အသီးသီးသို့ ချယူဖြည့်တင်းလျက်ရှိကြောင်း၊ ဆက်လက်၍လည်း ပုံမှန်ဝင်ရောက်လျက်ရှိကြောင်း၊ အရန်စက်သုံးဆီများလည်းပါဝင်ကြောင်းနှင့် ပြည်တွင်းစက်သုံးဆီသုံးစွဲမှုအတွက် ဖူလုံမှုရှိကြောင်း အသိပေးထုတ်ပြန်ထားသည်။
စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီသည် မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်းနှင့် ပေါင်းစပ်ညှိနှိုင်း၍ တစ်နိုင်ငံလုံးရှိ စက်မှုဇုန်အလုပ်ရုံများအပါအဝင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယ်ယူပို့ဆောင်ရေး စသည့်အခြားကဏ္ဍအသီးသီးသို့လည်း လိုအပ်ချက်နှင့်အညီ ပို့ဆောင်ဖြန့်ဖြူးပေးလျက်ရှိသည့်အပြင် ရောင်းဈေးနှုန်းကိုလည်း ထိန်းသိမ်းကြပ်မတ်လျက်ရှိသဖြင့် ဈေးနှုန်းတည်ငြိမ်လျက်ရှိပြီး အများပြည်သူအနေဖြင့် အလွယ် တကူအဆင်ပြေစွာ ဝယ်ယူသုံးစွဲနိုင်ကြောင်း ဖော်ပြထားသည်။
ထို့ပြင် စက်သုံးဆီအရောင်းဆိုင်များသို့ သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချခြင်း ရှိ/မရှိ၊ သတ်မှတ်အရည်အသွေးနှင့် အခြင်အတွယ် ကိုက်ညီမှန်ကန်မှု ရှိ/မရှိနှင့် ထုတ်ပြန်ထားသော သတ်မှတ်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိကို ရှောင်တခင် စစ်ဆေးဆောင်ရွက်နေကြောင်းနှင့် လိုအပ်သည့်အရေးယူမှုများကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။
စက်သုံးဆီအရောင်းဆိုင်များအား တာဝန်ရှိသူများက ရှောင်တခင်စစ်ဆေး ဆောင်ရွက်ခဲ့ပြီးနောက် ယနေ့တွင် ရိုးရိုးဒီဇယ် တစ်လီတာ ၂၃၃၀ ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာ ၂၃၈၀ ကျပ်၊ ဓာတ်ဆီ ၉၂ တစ်လီတာ ၂၅၆၅ ကျပ်နှင့် ဓာတ်ဆီ ၉၅ တစ်လီတာ ၂၆၆၅ ကျပ်သို့ ပြန်ကျခဲ့၍ စက်သုံးဆီဈေးနှုန်းများ မြင့်တက်ခဲ့သော ပြီးခဲ့သည့် ဧပြီလဒုတိယအပတ်နှင့် နှိုင်း ယှဉ်ပါက ဓာတ်ဆီတစ်လီတာ ကျပ် ၂၅၀ ကျော်နှင့် ဒီဇယ်တစ်လီတာ ကျပ် ၁၅၀ ကျော် ပြန်လည်ကျဆင်းခဲ့ခြင်းဖြစ်သည်။