September 20, 2024

၃၁.၅. ၂၀၂၄
Written by Shwe Phyo

ဗြိတိန်နိုင်ငံက ကလေးငယ်တစ်ဦးဟာ လက်ရှိအချိန်မှာ အသက် ၈ နှစ်အရွယ်သာရှိသေးပေမယ့် တက်ဖို့ခက်ခဲတဲ့ ကမ္ဘာ့အမြင့်ဆုံး ဧဝရက်တောင်အခြေစိုက်စခန်းကို အောင်မြင်စွာတက်ရောက်နိုင်ခဲ့တယ်လို့ ဗြိတိန်အခြေစိုက်မီဒီယာတွေက ဖော်ပြထားပါတယ်။

အသက် ၈ နှစ်အရွယ်သာရှိသေးတဲ့ ဖရန့်ကီမက်မီလန်ဆိုတဲ့ ကောင်လေးဟာ ပရဟိတအဖွဲ့အစည်းအတွက် ရန်ပုံငွေပိုမိုရရှိစေဖို့ ရည်ရွယ်ချက်နဲ့ ဧဝရက်တောင်ကို မိခင်ဖြစ်သူနဲ့အတူ တက်ရောက်ခဲ့တာဖြစ်ပါတယ်။ ဗြိတိန်နိုင်ငံ၊ ကမ်ဘရီယာအရပ်ဒေသမှာနေထိုင်တဲ့ အသက် ၈ နှစ်အရွယ် ကလေးငယ်ဟာ ၂၀၂၃ ခုနှစ်တုန်းကလည်း ဂရိနိုင်ငံရဲ့ Mount Olympus တောင်ကို တက်ခဲ့တဲ့ အသက်အငယ်ဆုံးဗြိတိန်နိုင်ငံသားအဖြစ် သမိုင်းမှတ်တမ်းဝင်ခဲ့ပြီး ၂၀၂၄ ခုနှစ်မှာတော့ အမြင့်ပေ ၁၇၅၉၈ ပေရှိတဲ့ ဧဝရက်တောင်အခြေစိုက်စခန်းကို အောင်မြင်စွာတက်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

တွားသွားသွားတဲ့အရွယ်တည်းက မိခင်ဖြစ်သူနဲ့အတူ တောင်တွေကို ပုံမှန်တက်ရောက်လေ့ရှိတဲ့ အသက် ၈ နှစ်အရွယ် ဖရန့်ကီ မက်မီလန်ဟာ အသက် ၄ နှစ်အရွယ်မှာ Scafell Pike တောင်ထိပ်ကို တက်ရောက်နိုင်မှုအပါအဝင် တောင်နဲ့ တောင်ကုန်းပေါင်း ၅၀၀ကျော် တက်ရောက်နိုင်ခဲ့ပါတယ်။

ဖရန့်ကီက “ကျွန်တော်ဟာ ဧဝရက်တောင်ရဲ့အခြေစိုက်စခန်းကို အောင်မြင်စွာတက်ပြနိုင်ခဲ့လို့ ဂုဏ်ယူပါတယ်” လို့ပြောပါတယ်။

မိခင်ဖြစ်တဲ့အသက် ၄၀ အရွယ်ရှိ မက်မီလန်က “ဒီခရီးက မမေ့နိုင်စရာအတွေ့အကြုံဖြစ်ခဲ့ပြီး သားက အခြေစိုက်စခန်းကို ရောက်တာကြည့်နေရတာ၊ သူ့အိပ်မက်တွေ အမှန်တကယ်ဖြစ်လာတာကို ကြည့်နေရတာ မဂုဏ်ယူဘဲမနေနိုင်ဘူး”လို့ ပြောပါတယ်။

မိခင်ဖြစ်သူ မက်မီလန်ဟာ တောင်တက်လမ်းပြအဖြစ်လုပ်ကိုင်နေသူဖြစ်ရာ တောင်တက်ချိန်မှာ သားဖြစ်သူနဲ့အတူ တက်ရောက်တာမျိုးလည်း ဖြစ်ပါတယ်။ ဖရန့်ကီမက်မီလန်က သူ့အနေနဲ့ ကမ္ဘာ့တိုက်ကြီး ၇ တိုက်မှာရှိတဲ့ အမြင့်ဆုံးတောင်တွေကို တဖြည်းဖြည်းချင်း တက်သွားဖို့ ဆန္ဒရှိနေသလို အသက် ၁၀ နှစ်ပြည့်ချိန်မှာ ဧဝရက်တောင်ထိပ်ကို တက်ရောက်နိုင်အောင် ကြိုးပမ်းသွားဖို့ ဆန္ဒရှိနေကြောင်း ပြောပါတယ်။

REF Yahoo news UK

Leave a Reply

Your email address will not be published. Required fields are marked *