September 20, 2024

၃၁. ၅. ၂၀၂၄
Written by Ye Kyaw

ဒေါ်လာဈေးနှုန်း ၄၇၀၀ ခန့်အထိ ဖြစ်ပေါ်နေသည့် ယနေ့တွင် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များအတွက် Online Trading Platform မှတစ်ဆင့် ဒေါ်လာ ၅ သန်းနှင့် တရုတ်ယွမ် ၅ သန်း ရောင်းချပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။

ဗဟိုဘဏ်အနေဖြင့် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များအတွက် Online Trading Platform မှတစ်ဆင့် ဒေါ်လာ၊ တရုတ်ယွမ်နှင့် ထိုင်းဘတ်များ ရောင်းချပေးလျက်ရှိသည်။ ဖေဖော်ဝါရီ ၂ ရက်မှစတင်၍ ယနေ့ရောင်းချပေးမှုအပါအဝင် လေးလခန့်တွင် ၁၂ ကြိမ်ရောင်းချပေးခြင်းဖြစ်ပြီး စုစုပေါင်းနိုင်ငံခြားငွေပမာဏ ဒေါ်လာ ၃၁ သန်း၊ တရုတ်ယွမ် ၃၁ ဒသမ ၅ သန်းနှင့် ထိုင်းဘတ် ၁၉၆ သန်း ‌ရောင်းချထားပြီးဖြစ်သည်။

ဗဟိုဘဏ်အနေဖြင့် ၂၀၂၃ ခုနှစ်နှစ်ဆန်းပိုင်းမှစတင်၍ Online Trading Platform၊ အခြားငွေကြေးဈေးကွက်၊ ကျပ်ငွေအပေါင်ယူကာ နိုင်ငံငွေရောင်းချပေးမှု၊ လူသုံးကုန်နှင့် ‌ဆေးဝါးကဏ္ဍ၊ လျှပ်စစ်ကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍနှင့် ဆက်သွယ်ရေးပိုင်းဆိုင်ရာ သွင်းကုန်လုပ်ငန်းရှင်များနှင့် စက်သုံးဆီတင်သွင်းသော ကုမ္ပဏီများအား နည်းလမ်းမျိုးစုံဖြင့် နိုင်ငံခြားငွေများ ရောင်းချပေးခဲ့ခြင်းဖြစ်သည်။ ထိုသို့ရောင်းချပေးခဲ့ရာ လက်ရှိအချိန်အထိ နိုင်ငံခြားငွေစုစုပေါင်း ဒေါ်လာ ၂၀၃ သန်းကျော်၊ ထိုင်းဘတ် ၁၅၀၉ သန်းကျော်နှင့် တရုတ်ယွမ် ၅၄ သန်းကျော်အထိ ရောင်းချပေးထားပြီးဖြစ်သည်။

ပြည်တွင်း၌ ဒေါ်လာဈေးနှုန်းသည် ယခုမေလဆန်းတွင် တစ်‌ဒေါ်လာ ကျပ် ၃၉၀၀ ဝန်းကျင်ရှိခဲ့သော်လည်း မေလတတိယအပတ်အတွင်း တစ်ဒေါ်လာ ကျပ် ၄၁၀၀ ဝန်းကျင်သို့ မြင့်တက်ခဲ့ရာမှ မေလ ၂၈ ရက်နှင့် ၂၉ ရက်တို့တွင် ဖြစ်သင့်သည့်ဈေးနှုန်းထက် ဈေးကစားဆွဲတင်မှုများကြောင့် တစ်ဒေါ်လာ ကျပ် ၄၈၀၀ ခန့်အထိ မြင့်တက်ခဲ့ပြီး ယနေ့တွင် ကျပ် ၄၆၇၀ သို့ ပြန်လည်ကျဆင်းခဲ့သည်။

ဒေါ်လာဈေးနှုန်း ဖြစ်သင့်သည်ထက် မြင့်တက်နေသောကြောင့် တရားဝင်လိုင်စင်မရှိဘဲ နိုင်ငံခြားငွေ ရောင်းဝယ်သူများ၊ အွန်လိုင်းပေါ်တွင် လေပတ်ကား ဈေးကစားသူများနှင့် သတ်မှတ်စည်းကမ်းများ မလိုက်နာသည့် Money Changer များ၊ တရားမဝင် ဟွန်ဒီလုပ်ငန်းများကို ဗဟိုဘဏ်နှင့် တာဝန်ရှိသူများက ဆက်တိုက်အရေးယူမှုများ ပြုလုပ်နေသကဲ့သို့ တစ်ဖက်တွင်လည်း တစ်ဒေါ်လာ ကျပ် ၃၃၃၀ ဝန်းကျင်အပေါ် ခြေခံသတ်မှတ်ကာ ယခုကဲ့သို့ ဒေါ်လာနှင့် အခြားနိုင်ငံငွေများကို ထုတ်ရောင်းပေး‌နေခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *