September 20, 2024

၃၁.၅.၂၀၂၄
Translated by Htwe Ko Tun

မြန်မာနိုင်ငံရဲ့အနောက်ဘက် ရခိုင်ပြည်နယ်အတွင်း မြန်မာ့တပ်မတော်နဲ့ AA ရခိုင်လူမျိုးစု လက်နက်ကိုင်အဖွဲ့တို့အကြား ပြီးခဲ့တဲ့ရက်တွေအတွင်း တိုက်ပွဲတွေအရှိန်မြင့်လာခဲ့မှုက ဒေသအတွင်းနေထိုင်ကြတဲ့ ဘင်္ဂါလီလူမျိုးအများအပြားအတွက်တော့ ဘေးအန္တရာယ်တွေ ပိုလို့တိုးပွားလာစေခဲ့တယ်လို့ ဆိုရမှာပါ။

ဘင်္ဂါလီတက်ကြွလှုပ်ရှားသူတွေနဲ့ တွေ့ဆုံမေးမြန်းမှုတွေပြုခဲ့ရာမှာလည်း ဘူးသီးတောင်မြို့လိုနေရာမှာ ပြီးခဲ့တဲ့ရက်တွေအတွင်း ကြီးမားတဲ့ပစ်ခတ်တိုက်ခိုက်မှုတွေဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ တိုက်ပွဲတွေနဲ့အတူ မီးရှို့မှုတွေဖြစ်ခဲ့ရာမှာ AA တပ်ဖွဲ့တွေက မီးရှို့ခဲ့တာလို့ သူတို့ကပြောခဲ့ကြပါတယ်။ ဒါပေမယ့် AA ကတော့ မီးလောင်မှုတွေက တပ်မတော်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့်ဖြစ်ရတာလို့ ငြင်းဆိုခဲ့ပြန်ပါတယ်။

ဒီမှာငြင်းလို့မရဘဲတွေ့နေရတာက ဘင်္ဂါလီလူမျိုးစုတွေအဖို့ အသက်ဘေးကလွတ်မြောက်ဖို့ ထောင်နဲ့ချီ ပြီးထွက်ပြေးနေကြရကာ မြန်မာ့တပ်မတော်နဲ့ AA တို့အကြား လုံခြုံမှုမရှိတဲ့အခြေအနေကို ရောက်နေပါတယ်။ ဘင်္ဂါလီထောက်ခံတဲ့ညွန့်ပေါင်းအုပ်စုကိုပူးတွဲတည်ထောင်ခဲ့တဲ့ နေဆန်းလွင်က “အခုဆိုလူတွေမှာ ဘေးကင်းတဲ့အရပ်ကိုရှာရင်း လမ်းပေါ်လျှောက်သွားနေကြရတယ်။ အစားအစာနဲ့ဆေးဝါးတွေလည်း ပြတ်လပ်နေတယ်။ အများစုက သူတို့ပိုင်ပစ္စည်းတွေကို မသယ်နိုင်ဘဲထားခဲ့ကြရတယ်” လို့ ပြောခဲ့ပါတယ်။

AA အဖွဲ့က ရခိုင်ပြည်နယ်ကိုအခြေစိုက်တဲ့ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်ပြီး အင်အား ၃၀,၀၀၀ ခန့်ရှိမယ်လို့ ခန့်မှန်းပါတယ်။ ရခိုင်ညီညွတ်ရေးအဖွဲ့ချုပ်(ULA) ရဲ့ လက်နက်ကိုင်အဖွဲ့ခွဲလည်းဖြစ်ပါတယ်။ AA က ပြည်နယ်အတွင်း လူဦးရေအများစုဖြစ်တဲ့ ဗုဒ္ဓဘာသာဝင်ရခိုင်လူမျိုးတွေကို ကိုယ်စားပြုတယ်လို့ဆိုပြီး ရခိုင်ပြည်နယ်ကိုယ်ပိုင်အုပ်ချုပ်ရေးကို တောင်းဆိုတာလို့ ဆိုပါတယ်။ AA က ပြီးခဲ့တဲ့ နိုဝင်ဘာလမှာတော့ မြန်မာ့တပ်မတော်နဲ့ အစမ်းသဘော အပစ်ရပ်ခဲ့ပါသေးတယ်။

နေဆန်းလွင်ကတော့ AA က ဘင်္ဂါလီတွေကို မေလ ၁၈ ရက်၊ နံနက် ၁၀ နာရီနောက်ဆုံးထားပြီး ဘူးသီးတောင်မြို့က ဖယ်ပေးကြဖို့ ရာဇသံပေးခဲ့တယ်လို့ဆိုပါတယ်။ AA က ကျောင်းတစ်ကျောင်းနဲ့ ဆေးရုံတစ်ရုံအပါအဝင် ဘင်္ဂါလီတွေ အဓိကခိုလှုံရာနေရာတွေကိုတိုက်ခိုက်ခဲ့တာမှာ ဒဏ်ရာရသေဆုံးသူအများအပြားရှိတယ်လို့လည်း နေဆန်းလွင်က ပြောခဲ့ပါတယ်။ ဘူးသီးတောင်တစ်မြို့လုံးက ဘင်္ဂါလီတွေကလည်း AA တပ်ဖွဲ့ဝင်တွေက သူတို့အိမ်တွေမီးရှို့ကြတာ မျက်မြင်ကိုယ်တွေ့ပါလို့ နေဆန်းလွင်ကပြောပါတယ်။

ဘင်္ဂါလီသတင်းအရင်းအမြစ်တွေက ထောင်ပေါင်းများစွာသော ဘင်္ဂါလီဒုက္ခသည်တွေဟာ မေလ ၁၇ ရက်ကစလို့ ဘူးသီးတောင်မြို့အလယ်ပိုင်းမှာ လုံခြုံစိတ်ချရတဲ့နေရာကိုရှာခဲ့ကြပါတယ်။ သူတို့ရဲ့အိမ်တွေက ထွက်ပြေးလာခဲ့ကြပြီးနောက် ဘင်္ဂါလီတွေအဖို့ သွားစရာမြေမရှိတဲ့အခြေအနေကို ရောက်နေကြရပါတယ်လို့ နေဆန်းလွင်က ပြောခဲ့ပါတယ်။

ရခိုင်ပြည်နယ်အတွင်း အင်တာနက်နဲ့ မိုဘိုင်းဖုန်းကွန်ရက်တွေ ကြီးမားစွာပြတ်တောက်နေကြတဲ့အတွက် အယ်လ်ဂျာဇီးရားသတင်းဌာနအနေနဲ့ အထက်ပါသတင်းတွေကို ဆန်းစစ်ဝေဖန်ဖို့မတတ်နိုင်ဘဲ ဖြစ်ခဲ့ရပါတယ်။

AA ကတော့ ပြည်နယ်အတွင်း မီးရှို့မှုတွေလုပ်ခဲ့တယ်လို့ စွပ်စွဲခံရတာတွေအပေါ် မဟုတ်မှန်ဘူးလို့ငြင်းခဲ့ပါတယ်။ ဒါပေမယ့် AA က ဘူးသီးတောင်မြို့ကိုထိန်းချုပ်ထားတယ်လို့ မေလရဲ့တတိယမြောက် ရက်သတ္တပတ်အကုန်မှာ ပြောခဲ့ပါတယ်။ မေလ ၁၉ ရက်မှာတော့ AA ခေါင်းဆောင် ထွန်းမြတ်နိုင်က သူ့ရဲ့ လူမှုကွန်ရက် X စာမျက်နှာမှာ သတိပေးချက် ပို့စ်တစ်ခုတင်ခဲ့ပါတယ်။ ဒီသတိပေးချက်မှာ ထွန်းမြတ်နိုင်က အခုအချိန်မှာ ဘင်္ဂါလီတက်ကြွလှုပ်ရှားသူတွေနဲ့ စိတ်တူကိုယ်တူအင်အားစုတွေအနေနဲ့ သူတို့ရဲ့မဖြစ်နိုင်တဲ့အကြံအစည်ဖြစ်တဲ့ “ပြည်ပစွက်ဖက်မှုတွေနဲ့အတူ ရခိုင်ပြည်နယ်အတွင်း သီးခြားအစ္စလာမ္မစ်လုံခြုံရေးဇုန်”တည်ဆောက်ခွဲထုတ်ဖို့အကြံကိုရပ်ဆိုင်းဖို့ ရေးသားခဲ့ပါတယ်။ မေလ ၂၀ ရက်မှာတော့ ရခိုင်ညီညွတ်ရေးအဖွဲ့ချုပ်(ULA) က မီးရှို့မှုတွေကို မြန်မာ့တပ်မတော်က ပြုလုပ်ခဲ့တာလို့ ကြေညာချက်တစ်ရပ်ထုတ်ကာ ရှုတ်ချခဲ့ပြန်ပါတယ်။

ဒီမှာ လူ့အခွင့်အရေးအဖွဲ့တွေကတော့ တိုက်ခိုက်မှုတွေအတွက် ဘယ်သူမှာတာဝန်ရှိတယ်လို့ ပြောမနေတော့ဘဲ ရခိုင် ပြည်နယ်ထဲမှာ လူမျိုးစုနဲ့ အများနဲ့ဆိုင်တဲ့အကြမ်းဖက်မှုတွေက ၂၀၁၇ ခုနှစ်ကထက် ပိုဆိုးနေတယ်လို့ သတိပေးခဲ့ပါတယ်။ အဲဒီနှစ်တုန်းကဆိုရင် ARSA အမည်ရှိ ဘင်္ဂါလီအကြမ်းဖက်အဖွဲ့ဟာ နယ်စပ်မျဉ်းတစ်လျှောက် နယ်ခြားစောင့်ရဲကင်းစခန်းတွေကို ဝင်ရောက်တိုက်ခိုက်ခဲ့အပြီးမှာ မြန်မာ့တပ်မတော်ရဲ့တိုက်ခိုက်မှုတွေကြောင့် ဘင်္ဂါလီ ၇၅၀,၀၀၀ ခန့် ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးခဲ့ကြတယ်ဆိုပါတယ်။ ဒါပေမဲ့လည်း ရခိုင်ပြည်နယ်အတွင်း ဘင်္ဂါလီ ၆၀၀,၀၀၀ ခန့် နေထိုင်နေကြသေးတယ်လို့ဆိုပါတယ်။

ရခိုင်ပြည်နယ်အတွင်း ရှုပ်ထွေးနေတဲ့အခြေအနေတွေကြောင့် မီးရှို့မှုတွေအတွက် ဘယ်သူ့မှာတာဝန်ရှိတယ်ဆိုတာ အတည် ပြုဖို့ရာ ခက်ခဲနေသေးတယ်ဆိုရမှာပါ။ ဒါပေမယ့် ဒေသခံတွေရဲ့ စွပ်စွဲပြောကြားချက်တွေနဲ့ အင်တာနက်မှာထွက်ပေါ်လာတဲ့ သက်သေတွေက AA ရဲ့တိုက်ခိုက်ဖျက်ဆီးမှုတွေကို ပိုလို့ခိုင်မာနေစေတယ်ဆိုရမှာပါ။

ဩစတြေးလျနိုင်ငံက ဩစတြေးလျမဟာဗျူဟာမူဝါဒအဖွဲ့အစည်း(ASPI) ရဲ့ ပထဝီဝင်ပညာရှင်တစ်ဦးဖြစ်တဲ့ နာသန်ရတ်ဆာက ဂြိုဟ်တုနဲ့အခြားသောရရှိနိုင်တဲ့ သက်သေအထောက်အထားတွေအရ မီးရှို့တိုက်ခိုက်မှုတွေက AA အဖွဲ့တွေရဲ့လက်ချက်ဖြစ်တယ်လို့ဆိုနိုင်ကြောင်း ပြောခဲ့ပါတယ်။

“AA ရဲ့ မီးရှို့မှုတွေက ဘူးသီးတောင်မြို့ကို အဓိကပစ်မှတ်ထားပြီး ပြုလုပ်ခဲ့ပါတယ်။ ဧပြီလ ၁၁ ရက်ကနေ ဧပြီလ ၁၇ ရက်အတွင်းမှာ ရခိုင်ပြည်နယ်အတွင်း လူမျိုးစုတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်။ မကြာသေးခင် ရက်တွေမှာတော့ ဘင်္ဂါလီတွေနေထိုင်ကြတဲ့ကျေးရွာတွေကို တိုက်ခိုက်မှုတွေပြုလာပြန်တာတွေ့ရပြန်တယ်”လို့ ရတ်ဆာက ပြောခဲ့ပါတယ်။

ရတ်ဆာက အခုလို ခန့်မှန်းရာမှာလည်း မီးရှို့မှုမှာနေရာကွက်ရှို့ပြီး AA ခိုလှုံရာသစ်တောတွေ အကောင်းအတိုင်းကျန်တာကိုကြည့်ရှုသုံးသပ်တာဖြစ်ပြီး ဘူးသီးတောင်မြို့တောင်ဘက်နဲ့ အရှေ့တောင်ဘက်မှာရှိတဲ့ ကျေးရွာ အနည်းဆုံး ၃၅ ရွာကို မီးရှို့တိုက်ခိုက်မှုတွေပြုခဲ့တာရော၊ မြို့ကိုလည်း တစ်မြို့လုံးမီးရှို့တိုက်ခိုက်ခံရတာရော၊ ဒါပေမယ့် ဒေသအတွင်းသစ်တောတွေကြတော့ ဘာမှမထိခိုက်ဘဲအကောင်းကျန်ခဲ့တာတွေအပေါ်ကြည့်ပြီး ဒီမီးရှို့မှုတွေကို AA အဖွဲ့ကလုပ်ခဲ့တာလို့ ဆိုနိုင်ပါတယ်လို့ ဆက်လက်ပြောခဲ့ပါတယ်။

တစ်ဖန် နေဆန်းလွင်ကလည်း အစိုးရစစ်တပ်တွေက မေလ ၁၄ ရက်မှာထဲက ဘူးသီးတောင်မြို့ကနေ ဆုတ်ခွာသွားကြပြီဆိုတော့ AA အနေနဲ့မီးရှို့မှုတွေအတွက်တာဝန်ရှိတာ ထင်ရှားတယ်လို့ဆိုခဲ့ပါတယ်။ ပိုပြီးသေချာလာတဲ့တစ်ချက်က တပ်မ တော်က လေကြောင်းတိုက်ခိုက်မှုပြုခဲ့တာက မေလ ၁၉ ရက် မွန်းလွဲပိုင်းမှာဖြစ်တယ်လို့ ဒေသခံတွေကဆိုပါတယ်။ ဒါပေမယ့် ဘူးသီးတောင်မှာအဲဒီနေ့က မီးလောင်ခဲ့တာ ညပိုင်းမှပါ။ ဒါကြောင့် တပ်မတော်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်မီးလောင်တာဆိုတဲ့ AA ရဲ့ စွပ်စွဲချက်က လွဲချော်နေရပြန်ပါတယ်။

ဒါကြောင့်လည်း လက်ရှိ ရခိုင်ပြည်နယ်ရဲ့အခြေအနေက ပြောရမယ်ဆိုရင် မြန်မာ့တပ်မတော်နဲ့ အစိုးရကိုပုန်ကန်နေတဲ့ AA လက်နက်ကိုင်အဖွဲ့နှစ်ခုထဲ ထိပ်တိုက်တွေ့နေရတဲ့အခြေအနေမဟုတ်ပါဘူး။ ပြည်နယ်အတွင်း သီးခြားနယ်မြေရနိုင်ဖို့ ကြိုး စားနေတဲ့ ဘင်္ဂါလီလူမျိုးစုတွေနဲ့ တိုင်းရင်းသား ရခိုင်လူမျိုးစုတွေအကြား တိုက်ခိုက်မှုတွေကိုပါ တွေ့လာနေရပြီး ပြည်နယ်အတွင်း နေထိုင်ကြတဲ့ပြည်သူတွေအတွက် ပိုလို့အန္တရာယ်ကြီးမားဖွယ်ဖြစ်လာတယ်လို့ ဆိုရမှာပါ။

Ref- Al Jazeera

Leave a Reply

Your email address will not be published. Required fields are marked *