September 20, 2024

၃၀.၅.၂၀၂၄
Written By Zun

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ တက်ကြီးကုန်းကျေးရွာ၊ ရန်ကုန်-ပြည်ကားလမ်းနှင့် ကျောင်းကြီးလမ်း ထောင့်တွင် PDF များ ထောင်ခဲ့သည့် ဗုံးများထဲမှ တစ်လုံးပေါက်ကွဲခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက MT News ကို ပြောသည်။

အဆိုပါ ဗုံးများမှာ လက်လုပ်ဗုံးများဖြစ်ပြီး PVC ပိုက်ဖြင့်ပြုလုပ်ထားခြင်းဖြစ်ကာ ကျောင်းကြီးလမ်းဘေးတွင် ဖွင့်ထားသောဂက်စ်မီးဖိုနှင့် အပိုပစ္စည်းဆိုင်ရှေ့ဝင်ပေါက်နှင့် ကွမ်းယာဆိုင်အနီးတွင် ထောင်ထားခြင်း ဖြစ်ကြောင်း သိရသည်။

“မနက်က မနက် ၈ နာရီ မထိုးသေးဘူး။ အဲဒီအချိန်က ဖြစ်ခဲ့တာ။ ဘာမှ ထိခိုက်ပျက်စီးမရှိပါဘူး။ အခုအချိန်က ကျောင်းဖွင့်ရာသီချိန် ရောက်နေပြီ။ အခုလို ဗုံးတွေ ထောင်တာက ကျောင်းဖွင့်ရာသီ ရောက်နေပြီဖြစ်လို့ ကျောင်းသား၊ကျောင်းသူတွေ လန့်အောင်၊ ကျောင်းသားမိဘတွေ လန့်အောင် ခြောက်လှန့်တဲ့ သဘောပဲဖြစ်မယ်လို့ ထင်ကြေးပေးပြောပါရစေ။ မနေ့က မေလ ၂၉ ရက် ညကလည်း တောင်ဥက္ကလာပမှာ အသံ ဗုံးတစ်လုံးကို ခွဲခဲ့ကြပါသေးတယ်။ အရင် နှစ်တွေကဆိုရင် ကျောင်းမတက်ဖို့ကို အကြမ်းဖက်အဖွဲ့နဲ့ အကြမ်းဖက်ကို အားပေးသူတွေက လှုံ့ဆော်တာတွေလုပ်တယ်။ ကျောင်းကို ကလေးတွေ လိုက်ပို့ရင် ဓာတ်ပုံရိုက်ပြီး လိုင်းပေါ် ကို တင်တယ်။ ကလေးတွေကို ကျောင်းထားရင်ကိုပဲ ဒလန်ဆိုပြီး ဓာတ်ပုံကြီးနဲ့ လိုင်းပေါ်ကို တင်တယ်။ အစ်ကိုတို့ လည်း လိုင်းပေါ်မှာ အတင်ခံခဲ့ရပါတယ်”ဟု အဆိုပါ နီးစပ်သူက MT News ကို မေလ ၃၀ ရက် ညနေပိုင်းက ပြောပြသည်။

PDF များ ထောင်ခဲ့သည့်ဗုံးမှာ သုံးလုံး ဖြစ်ပြီး တစ်လုံးမှာ ပေါက်ကွဲခဲ့ကြောင်း၊ သို့သော်လည်း လူ ထိခိုက်ဒဏ်ရာ မရှိကြောင်းနှင့် ကျန် နှစ်လုံးမှာ မပေါက်ကွဲသေးသောကြောင့် သက်ဆိုင်ရာက အမှတ် (၄) လမ်းဆုံ တိုးဂိတ်အနီး မြေ ကွက်လပ်သို့ရွှေ့ပြောင်း၍ နံနက် ၁၀ နာရီခန့် တွင် ဖောက်ခွဲဖျက်ဆီးလိုက်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *