September 20, 2024

၃၀. ၅. ၂၀၂၄
Written by Nyein Kyaw

ပြင်ဦးလွင်မြို့အတွင်း စီမံခန့်ခွဲမှုအားနည်းချက်များကြောင့် သစ်ပင်သစ်တောပြုန်းတီးမှုနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများရှိခဲ့ခြင်းကြောင့် လယ်ယာစိုက်ပျိုးမြေနှင့် ပတ်သက်၍ ဥပဒေနှင့် စည်းမျဉ်းစည်းကမ်းများကို ကျော်လွန်ဆောင်ရွက်ခြင်းမရှိစေရေး တာဝန်ရှိသူများ အဆင့်ဆင့် ကြပ်မတ်ဆောင်ရွက်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့တွင် ပြင်ဦးလွင်ခရိုင်နှင့် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

မြေယာဥပဒေအရ စိုက်ပျိုးရန်ခွင့်ပြုထားသည့် စိုက်ပျိုးမြေများကို အခြားနည်းများဖြင့် အသုံးပြုခြင်းများကိုလည်း စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကြပ်မတ်ထိန်းသိမ်းနေရန်လိုကြောင်း၊ လယ်ယာစိုက်ပျိုးမြေများနှင့် ပတ်သက်၍ ဥပဒေနှင့်စည်းမျဉ်းစည်းကမ်းများကို ကျော်လွန် ဆောင်ရွက်ခြင်းမရှိစေရေး တာဝန်ရှိသူများအနေဖြင့် အဆင့်ဆင့်ကြပ်မတ် ဆောင်ရွက်သွားရန်လိုကြောင်း၊ စီမံခန့်ခွဲမှု အားနည်းချက်များရှိခဲ့ခြင်းကြောင့် သစ်ပင်သစ်တောများ ပြုန်းတီးခြင်းနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများရှိခဲ့ခြင်းဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

ယခင်က ပြင်ဦးလွင်မြို့သည် အေးမြသည့်မြို့တစ်ခုဖြစ်ခဲ့သော်လည်း ယခုအခါ သဘာဝပတ်ဝန်းကျင် ပြောင်းလဲမှုများကြောင့် ရာသီဥတုပြောင်းလဲလာပြီး အပူချိန်မြင့်တက်လာသည်ကို တွေ့ရကြောင်း၊ အမျိုးသားကန်တော်ကြီးဥယျာဉ်အတွင်းရှိ ရေကန်များ၌ သစ်ပင်သစ်တောများပြုန်းတီးခြင်းကြောင့် ရေအရင်းအမြစ်များ အားနည်းလာခြင်း၊ သဘာဝရေထွက်များမှ ရေထွက်ရှိမှုမရှိခြင်း၊ ဒေသတွင် အပူချိန်နှုန်းထား မြင့်မားလာခြင်း၊ ရေဝင်ပေါက်များမှ ‌ရေဝင်ရောက်မှု အားနည်းခြင်းနှင့် အခြားအကြောင်းအမျိုးမျိုးကြောင့် ဥယျာဉ်အတွင်းရှိ ရေကန်များတွင် ရေခမ်းခြောက်မှုများ ကြုံတွေ့ခဲ့ရကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

ထို့ကြောင့် လျော့ပါးသွားသည် သစ်ပင်များ ပြန်လည်စိုက်ပျိုးသွားရန်လိုပြီး ပြင်ဦးလွင်မြို့တွင်သာ မဟုတ်ဘဲ ဒေသတွင်းရှိ အခြားမြို့များတွင်လည်း သစ်ပင်များစိုက်ပျိုးစေရေး ဆောင်ရွက်သွားရန်လိုကြောင်း၊ သစ်ပင်သစ်တောများ ပြန်လည်ကောင်းမွန်လာပြီး ရာသီဥတုများ ကောင်းမွန်လာမည်ဆိုပါက မြစ်များ၊ ချောင်းများအတွင်း ရေများပုံမှန်အတိုင်း စီးဆင်းနိုင်မည်ဖြစ်ကြောင်း၊ ထိုသို့ မြစ်ချောင်းများအတွင်း ရေများပုံမှန်အတိုင်းဝင်ရောက်လာမည်ဆိုပါက စိုက်ပျိုးရေများလုံလောက်စွာရရှိမည်ဖြစ်သကဲ့သို့ ရေအားလျှပ်စစ်စီမံကိန်းများကိုလည်း ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

Leave a Reply

Your email address will not be published. Required fields are marked *