September 20, 2024

၃၀.၅.၂၀၂၄
Written by KL

ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်၊ မျောမောပါကျေးရွာတွင် မေလ ၂၉ ရက်၊ နံနက်အစောပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်ကျချောင်းရေမြင့်တက်ကာ ရေကြီးရေလျှံမှုဖြစ်ရာမှ နေအိမ် ၁၀ လုံးကျော်နှင့် လူနှစ်ဦးရေထဲမျောပါခဲ့ရာ တစ်ဦးကို ကယ်ဆယ်နိုင်ခဲ့ပြီး တစ်ဦးမှာ ပျောက်ဆုံးနေကြောင်း ဒေသခံများထံမှ သိရသည်။

“မနက် ၂ နာရီကျော်လောက်ကြီး ရေသံတွေကြားလို့ ဘေးလွတ်ရာကို ရွှေ့နေကြရတာ။ တချို့ဆို ဘာပစ္စည်းမှမသယ်နိုင်ဘူး။ အိမ်တွေရေထဲမျောကုန်တာ”ဟု ဒေသခံတစ်ဦးကပြောသည်။

တောင်ကျချောင်းရေနှင့်အတူ ဆယ်ကျော်သက်အရွယ်အမျိုးသားငယ်တစ်ဦးနှင့် အသက် ၅၀ ကျော်အရွယ် အမျိုးသမီးကြီးတစ်ဦးတို့ ရေထဲမျောပါသွားခဲ့ရာ အမျိုးသားငယ်ကို ဆယ်ယူနိုင်ခဲ့သော်လည်း အမျိုးသမီးကြီးကိုမူ ပြန်မတွေ့သေးကြောင်း သိရသည်။

အိမ်ခြေ ၃၀ ကျော် ရှိသော မျောမောပါကျေးရွာသည် ချီဖွေမြို့နှင့် ၆ မိုင်အကွာ မေခမြစ်၏အနောက်ဘက်ကမ်းတွင် တည်ရှိပြီး တောင်ကျချောင်းရေကြောင့် ရေကြီးရေလျှံမှု ယခုနှစ်တွင် ကြုံတွေ့ခဲ့ရခြင်း ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

အလားတူ ချီဖွေမြို့နယ်တွင် မေလ ၂၈ ရက်ညပိုင်းမှ စတင်ကာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ချီဖွေ-မြစ်ကြီးနားလမ်းနှင့် ချီဖွေ-ပန်းဝါလမ်းပိုင်းများတွင် မြေပြိုကျမှုများဖြစ်ပေါ်ခဲ့ပြီး မြို့တွင်းရပ်ကွက်ကျေးရွာအုပ်စုများတွင် ချောင်းရေကြီးခြင်း၊ မြစ်ရေတိုးခြင်းတို့ကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပွားသဖြင့် ပြည်သူကို ဘေးလွတ်ရာသို့ တာဝန်ရှိသူများက ရွှေ့ပြောင်းပေးလျက်ရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *