September 21, 2024

၃၀. ၅. ၂၀၂၄
Written by Thettant

မြန်မာ့လက်ရွေးစင် ယူ-၁၆ အသင်းသည် အာဆီယံယူ-၁၆ ပြိုင်ပွဲ အုပ်စု (B) တွင် ဗီယက်နမ်၊ မြန်မာ၊ ကမ္ဘောဒီးယား၊ ဘရူနိုင်း အသင်းတို့နှင့်အတူ ကျရောက်လျက်ရှိသည်။

အုပ်စု (A) တွင် အိမ်ရှင် အင်ဒိုနီးရှား၊ လာအို၊ ဖိလစ်ပိုင်၊ စင်ကာပူတို့ ကျရောက်နေပြီး အုပ်စု (C) တွင် ထိုင်း၊ မလေးရှား၊ တီမော၊ ဩစတြေးလျ အသင်းတို့ ကျရောက်နေသည်။

အုပ်စုတစ်ခုစီမှ အုပ်စု ပထမရသော အသင်း သုံးသင်းနှင့် အကောင်းဆုံး အုပ်စု ဒုတိယရသော အသင်းတစ်သင်း၊ စုစုပေါင်း အသင်းလေးသင်း ဆီမီးအဆင့်သို့ တက်ရောက်နိုင်မည်ဖြစ်ပြီး ပြိုင်ပွဲကို အင်ဒိုနီးရှားနိုင်ငံ ဆူရာကာတာမြို့တွင် ဇွန်လ ၂၁ ရက်မှ ဇူလိုင်လ ၄ ရက်ထိ ကျင်းပပြုလုပ်မည် ဖြစ်သည်။

မြန်မာ့လက်ရွေးစင် ယူ-၁၆ အသင်းကို ပြီးခဲ့သည့်နှစ် FIFA – MFF U-15 အထက်/ အောက် မြန်မာပြည်ပြိုင်ပွဲမှ ခြေစွမ်းပြခဲ့သည့် ကစားသမားများ၊ အကယ်ဒမီများမှ ကစားသမားများဖြင့် ရွေးချယ်ဖွဲ့စည်းပြီး မတ်လဆန်းမှ စတင်စခန်းသွင်းခဲ့ကာ လက်ရှိတွင် ပဏာမ ကစားသမား ၃၁ ဦးဖြင့် လေ့ကျင့်လျက်ရှိသည်။

ထို့အတူ အာဆီယံ ယူ-၁၉ ပြိုင်ပွဲ အုပ်စုမဲခွဲပွဲကို အင်ဒိုနီးရှားနိုင်ငံတွင် ယနေ့ ကျင်းပပြုလုပ်ခဲ့ရာ မြန်မာ့လက်ရွေးစင် ယူ-၁၉ အသင်းသည် အုပ်စု (B)တွင် လာအို၊ ဗီယက်နမ်၊ သြစတြေးလျ အသင်းတို့နှင့်အတူ ကျရောက်ခဲ့သည်။

အုပ်စု (A) တွင် အင်ဒိုနီးရှား၊ တီမော၊ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်တို့ ကျရောက်နေပြီး အုပ်စု (C) တွင် မလေးရှား၊ ထိုင်း၊ စင်ကာပူ၊ ဘရူနိုင်းအသင်းတို့ ကျရောက်နေသည်။

အုပ်စုတစ်ခုစီမှ အုပ်စု ပထမရသော အသင်း သုံးသင်းနှင့် အကောင်းဆုံး ဒုတိယရသော အသင်းတစ်သင်း၊ စုစုပေါင်း အသင်းလေးသင်း ဆီမီးအဆင့်သို့ တက်ရောက်နိုင်မည်ဖြစ်သည်။

ပြိုင်ပွဲကို အင်ဒိုနီးရှားနိုင်ငံ၊ ဆူရာဘာရာမြို့တွင် ဇူလိုင် ၁၉ ရက်မှ ၂၉ ရက်ထိ ကျင်းပပြုလုပ်မည် ဖြစ်သည်။

မြန်မာ့လက်ရွေးစင် ယူ-၁၉ အသင်းကို နည်းပြချုပ်အဖြစ် ဦးအောင်နိုင်က တာဝန်ယူ ကိုင်တွယ်လျက်ရှိပြီး အုပ်ချုပ်/နည်းပြ၊ ကစားသမား စုစုပေါင်း ၃၂ ဦးဖြင့် ဖွဲ့စည်းထားကာ လက်ရှိတွင် တရုတ်နိုင်ငံ၌ လေ့ကျင့်မှုများ ပြုလုပ်လျက်ရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *