September 21, 2024

၃၀.၅. ၂၀၂၄
Written by Shwe Phyo

မြန်မာနိုင်ငံတွင် အသက်မပြည့်သောကလေးငယ်များကို လက်နက်ကိုင်အဖွဲ့များက လူသစ်စုဆောင်းခြင်းများရှိနေကြောင်း ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ Arria-formula အစည်းအဝေးနှင့်ပတ်သက်ပြီး ဥရောပသမဂ္ဂ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ကလေးငယ်များအကြမ်းဖက်ခံရခြင်းမှ ကာကွယ်ပေးရန် မဖြစ်နိုင်သောအခြေအနေမျိုးကိုရောက်ရှိနေကြောင်း၊ တိုက်ပွဲများကြောင့် လူသားချင်းဆိုင်ရာစာနာမှုအကူအညီများလွှဲပြောင်းပေးအပ်ရန်၊ ဝန်ဆောင်မှုများလက်ခံရရှိရန်နှင့် လွတ်လပ်စွာသွားလာလှုပ်ရှားခွင့်များ ကန့်သတ်ခံနေရကြောင်း ဥရောပသမဂ္ဂကပြောသည်။

မြန်မာနိုင်ငံရှိ ကလေးငယ် ၈ သန်းဝန်းကျင်သည် ကလေးငယ်အခွင့်အရေးအပြည့်အဝရရှိစေရန်နှင့် အကူအညီကာကွယ်ပေးမှုများ လိုအပ်နေကြောင်း၊ ဥရောပသမဂ္ဂက ပြောသည်။

ထို့ပြင် မြန်မာနိုင်ငံတွင် အရွယ်မရောက်ဘဲ ကလေးငယ်များ လက်ထပ်ထိမ်းမြားခံရမှုမြင့်တက်လာခြင်း၊ လူကုန်ကူးခံရခြင်း၊ လုံခြုံမှုမရှိဘဲရွှေ့ပြောင်းနေထိုင်ရမှုများလာခြင်း၊ ကလေးငယ်လုပ်သားအဖြစ် ခိုင်းစေခံရခြင်းနှင့် လက်နက်ကိုင်အဖွဲ့စည်းများ၏ လူသစ်စုဆောင်းခံရခြင်းများ ပိုမိုမြင့်တက်လာနေကြောင်း ဥရောပသမဂ္ဂကကပြောသည်။

မြန်မာနိုင်ငံတွင်ဖြစ်ပွားလျက်ရှိနေသည့်တိုက်ပွဲများနှင့် နိုင်ငံရေးအခက်အခဲများကြောင့် စာသင်ကျောင်းများ ကာလအတန်ကြာပိတ်ပင်ထားရသည့်အတွက် ကလေးငယ်များ၏ ပညာသင်ကြားခွင့်များကို သက်ရောက်မှုများရှိလာနေကြောင်း၊ အဆိုပါအခြေအနေများကြောင့် မြန်မာကလေးငယ်များ ကျောင်းထွက်ရမှုနှုန်းလည်းမြင့်တက်လာနေသည်။

မြန်မာနိုင်ငံတွင် ကလေးငယ်များ အာဟာရမပြည့်ဝမှုနှင့် ကျန်းမာရေးအခက်အခဲများကိုရင်ဆိုင်နေရကြောင်း၊မြန်မာနိုင်ငံရှိ လူလေးဦးလျှင်တစ်ဦး သို့မဟုတ် လူပေါင်း ၁၂ ဒသမ ၉သန်းကျော်သည် အစားအစာမလုံခြုံမှုများ ရင်ဆိုင်နေရပြီး ကလေးငယ်အများအပြား ပါဝင်နေကြောင်း၊ ကလေးငယ်များ၏ ပညာသင်ကြားရေးနှင့် သင်ယူခွင့်များနှင့်ပတ်သက်ပြီး သက်ရောက်မှုများရှိနေကြောင်း ဥရောပသမဂ္ဂက ပြောသည်။ နိုင်ငံရေးမတည်ငြိမ်မှုများ၊ အစားစာမလုံခြုံမှုများ၊ တိုက်ပွဲများ ဖြစ်ပွားနေခြင်း အချိန်ကြာလာခြင်းကြောင့် မြန်မာနိုင်ငံသားများ၏ စိတ်ပိုင်းဆိုင်ရာအခြေအနေများကိုလည်း သက်ရောက်မှုရှိနေကြောင်း ဥရောပသမဂ္ဂအဖွဲ့၏ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် ကလေးငယ်များ ပြန်ပေးဆွဲခံရခြင်း၊ အသတ်ခံရခြင်းများအပါအဝင် ကလေးငယ်များအခွင့်ရေးနှင့်ပတ်သက်ပြီးချိုးဖောက်ခံရမှုများ မြင့်တက်လာနေကြောင်း၊ ပြီးခဲ့သော ၂၀၂၃ခုနှစ်ကထုတ်ပြန်သည့် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ အစီရင်ခံစာထဲတွင် ဖော်ပြခဲ့ဖူးကြောင်းသိရသည်။

REF EU

Leave a Reply

Your email address will not be published. Required fields are marked *