၃၀.၅.၂၀၂၄
Written by TZ
ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နှင့် တစ်မိုင်ခွဲကွာဝေးသည့် ကွမ်းသီးခြံသရက်ကုန်းရွာအနားတွင် ဘုန်းကြီးတစ်ပါးမောင်းသည့် မော်တော်ယာဥ်က ကျူရှင်မှပြန်လာသည့် ကလေးငယ်အား ဝင်တိုက်မိပြီးနောက် ထိုယာဥ်မှာ မောင်းနှင်ထွက်ပြေးသွားကြောင်း သိရသည်။
မေလ ၂၉ ရက် ညနေ ၃ နာရီဝန်းကျင်တွင် ကွမ်းသီးခြံသရက်ကုန်းကျေးရွာ၌ ကျောင်းသူမိန်းကလေးငယ်တစ်ဦးမှာ ကျူရှင်တက်ပြီး နေအိမ်သို့ လမ်းလျှောက်၍ ပြန်လာစဥ် ဒေသအခေါ် (ကွမ်းသီးခြံ) သရက်ကုန်းကျေးရွာအနားအရောက် ဘုန်းကြီးတစ်ပါးမောင်းနှင်သည့်ယာဥ်မှ ကလေးငယ်အားဝင်တိုက်မိပြီး ထွက်ပြေးသွားသောကြောင့် ထိုကလေးငယ်မှာ မျက်နှာတို့တွင် ပေါက်ပြဲပွန်းပဲ့ဒဏ်ရာနှင့်ဝမ်းဗိုက်မှာ အောင့်နေကြောင်း သိရသည်။
“အခုတိုက်သွားတဲ့ဘုန်းကြီးက မိတ္ထီလာမှာနေတာ။ အခုတော့ထွက်ပြေးသွားပြီလားမသိဘူး။ ယာဥ်တိုက်ခံရတဲ့ကလေးက အဲ့ဒီရွာမှာနေတဲ့ကလေး”ဟု ရင်ခုန်သံရှင်ရေးကူညီမှုအသင်းမှ တာဝန်ရှိသူတစ်ဦးက MT News သို့ ဖြေကြားသည်။
ယာဥ်တိုက်ခံရသည့် မိန်းကလေးငယ်ကို ရင်ခုန်သံရှင်ရေးကူညီမှုအသင်းမှ တောင်ငူဆေးရုံသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။