၃၀.၅. ၂၀၂၄
Written by Shwe Phyo
မြန်မာနိုင်ငံတွင် ပြီးခဲ့သော ၁၂ လအတွင်း လူသားချင်းဆိုင်ရာ စာနာမှုအကူအညီလိုအပ်သူအရေအတွက်သည် ၁၇ ဒသမ ၆ သန်းမှ ၁၈ ဒသမ ၆ သန်းအထိ မြင့်တက်လာခဲ့ကြောင်း ကုလသမဂ္ဂဆိုင်ရာဗြိတိန်သံအမတ်ကြီး James Kariuki က မြန်မာနိုင်ငံရှိ ကလေးငယ်နှင့်လူငယ်များအခြေအနေနှင့်ပတ်သက်ပြီး ပြုလုပ်သော UN Arria အစည်းအဝေးတွင် ထည့် သွင်းပြောဆိုလိုက်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် နေရပ်စွန့်ခွာနေရသူအရေအတွက်သည် ၂၀၂၃ ခုနှစ်က ၁ ဒသမ ၈ သန်းကျော်သာရှိခဲ့သော်လည်း လက်ရှိအချိန်တွင် ၃ သန်းအထိ မြင့်တက်လာနေကြောင်း၊ မြန်မာနိုင်ငံရှိ ကျောင်းတက်ရမည့်အရွယ် ကလေး၊ လူငယ်အားလုံး ၏တစ်ဝက်နီးပါးက ကျောင်းထွက်နေကြောင်း ဗြိတိန်သံအမတ်ကြီးက ပြောသည်။ နိုင်ငံတကာအဖွဲ့စည်းများအနေဖြင့် မြန်မာနိုင်ငံတွင် အစားအစာမလုံခြုံမှုအခြေအနေဆိုးရွားလာနေခြင်းကို ပိုမိုကူညီထောက်ပံ့ပေးရန် လိုအပ်ကြောင်း၊ ၂၀၂၄ ခုနှစ်အတွင်း မြန်မာနိုင်ငံရှိလူပေါင်း ၁၃ သန်းကျော်သည် အစားအစာမလုံခြုံမှုအခြေနေကို ရင်ဆိုင်ရဖွယ်ရှိနေကြောင်း ၎င်းက ထပ်မံပြောဆိုခဲ့သည်။
ကလေးငယ်များသည် ကျန်းမာရေးကောင်းမွန်စေရန် လိုအပ်သောအာဟာရကို အပြည့်အဝမရရှိကြောင်း၊ မိသားစုဝန် ထုပ်ဝန်ပိုးကို လျှော့ချနိုင်ရန် အရွယ်မရောက်ဘဲ အတင်းအကျပ် လက်ထပ်ထိမ်းမြားခြင်းများလုပ်ဆောင်ရခြင်းများရှိနေသလို လက်နက်ကိုင်အဖွဲ့များ၏ လူသစ်စုဆောင်းခြင်းများကိုလည်း ရင်ဆိုင်နေရကြောင်း၊ ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်သံအမတ်ကြီးက ပြောသည်။
ဗြိတိန်နိုင်ငံအနေဖြင့် ပြီးခဲ့သော ၂၀၂၃ ခုနှစ်အတွင်း မြန်မာနိုင်ငံရှိ လူပေါင်း ၁ ဒသမ ၈ သန်းအတွက် အာဟာရနှင့် ရှင်သန်နေထိုင်မှုများအတွက် လိုအပ်သောအရာများ ကူညီထောက်ပံ့ပေးခဲ့ပြီး နိုင်ငံတကာအဖွဲ့စည်းများအနေဖြင့်လည်း မြန်မာနိုင်ငံသားများ၏အစားစာမလုံခြုံမှုများကို အမြန်ဆုံးတုံ့ပြန်ကူညီပေးစေလိုကြောင်း ဗြိတိန်သံအမတ်ကြီးက တိုက်တွန်းတောင်းဆိုခဲ့သည်။
REF gov.uk