၃၀၅.၂၀၂၄
Written By Thandar
ဒီဇိုင်နာဦးမျိုးရဲ့ Oo Myo Fashion & Tailor ဖက်ရှင်ဆိုင်ဖွင့်ပွဲ အခမ်းအနားကို ယနေ့ မတ်လ ၃၀ ရက် နံနက်ပိုင်းက ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ စံပြရပ်ကွက်ရှိ စံပြ (၂)လမ်း အမှတ် (၃၂၂) မှာ ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ရာ အနုပညာရှင်များစွာတက်ရောက်ခဲ့ကြပါတယ်။
“အေမီစျာန်က အမြဲတမ်း ဂယက်လေးတွေရှိတော့ တစ်ခါတလေ ဦးမျိုးဆီ ချက်ခြင်းကြီး အပူကပ်တာမျိုးတွေ ရှိတယ်လေ။ ဦးမျိုးကလည်း အဆင်ပြေအောင်လုပ်ပေးတယ်။ နောက် အေမီဈာန်ဝတ်ခဲ့တဲ့ ကုလားဝတ်စုံလေးကလည်း ဦးမျိုးချုပ်ပေးတာလေ။ ဦးမျိုးနဲ့ကံစပ်တယ်ပြောရမယ်။ အဲအင်္ကျီလေးနဲ့ Tiktok မှာ ဝတ်ခဲ့တာပေါက်ခဲ့တယ်။ ပရိသတ်အားပေးကြပါတယ်။ ဦးမျိုးအနေနဲ့ ဒီထက်မက အောင်မြင်မှုတွေ ရပါစေ။ ဆိုင်ခွဲပေါင်းများစွာကိုလည်း ဖွင့်လှစ်နိုင်ပါစေ ဆုတောင်းပါတယ်” လို့ သရုပ်ဆောင် အဆိုတော် အေမီစျာန်က ပြောပါတယ်။
ဒီဆိုင်ဖွင့်ပွဲအထိမ်းအမှတ်အနေနဲ့ အနုပညာရှင်တွေဖြစ်ကြတဲ့ မင်းသား ပိုင်တံခွန်၊ ဒေါင်းဝေ၊ မင်းမြတ်စိုးစံ၊ ဝေကြီး၊ စည်ဖြိုး၊ Jay၊ Young P၊ မိုးစက်၊ ဇေလို၊ ရတနာမိုင်၊ မေမီကိုကို၊ ဂျူဝယ်၊ နိုရာ၊ အေမီစျာန်၊ ခရစ္စတီးနား၊ ခင်လွှမ်း၊ Makeup SORA စတဲ့သူတွေတက်ရောက်ခဲ့ကြသလို သူ့ကိုချစ်ခင်ကြတဲ့ မိတ်ဟောင်း၊ မိတ်သစ်တွေလည်း တက်ရောက်အားပေးခဲ့ကြတာလည်း ဖြစ်ပါတယ်။
“ကျွန်တော့်အနေနဲ့ ဦးမျိုးဆိုတဲ့ နာမည်တစ်လုံး နေရာလေးတစ်ခုရလာဖို့အတွက် ဆယ်စုနှစ်တစ်ခုကျော်ကို ကြိုးစားခဲ့ရတာပါ။ ကျွန်တော့်ရဲ့ ပထမဦးဆုံး Customer ကတော့ ရဲရင့်အောင်ပါ။ နောက်ပိုင်တံခွန်ရဲ့ ပြည်ပ International ပွဲတွေဆိုရင် ဒီဇိုင်းတွေ မထပ်အောင် အမြဲတမ်း ကြိုးစားဖန်တီးပေးလေ့ရှိပါတယ်။ ဒါကြောင့် ပိုင်တံခွန်ကလည်း ရှုတင်တစ်ဖက်နဲ့ မအားတဲ့ကြားက ဆိုင်ဖွင့်ပွဲလေးဝင်ပြီး ပွဲတက်လက်မှတ်လေး လာထိုးပေးတာပါ။ လက်ရှိအချိန်မှာလည်း ကိုယ်တိုင်က ကြိုးစားနေတုန်းပါ ” လို့ ဒီဇိုင်နာဦးမျိုးက ပြောပါတယ်။