November 11, 2024
photo_2024-05-30_13-29-56

၃၀.၅.၂၀၂၄.
Translated by Htwe Ko Tun

နယ်သာလန်နိုင်ငံ၊ အမ်စတာဒမ်မြို့ Schipol အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဒိန်းမတ်နိုင်ငံ၊ ဘီလ်လန်းမြို့သို့ ထွက်ခွာလုဆဲ ခရီးသည်တင်လေယာဉ်တစ်စင်း၏ လည်ပတ်နေသော ဂျက်အင်ဂျင်တာဘိုင် အရွက်များအတွင်းသို့ လူတစ်ယောက်ကျရောက်၍ သေဆုံးမှုတစ်ရပ် မေလ ၂၉ ရက်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်ရပ်က လေဆိပ်ဥပစာရှိ ခရီးသည်များလေယာဉ်ပေါ်သို့ အဆင်းအတက်လမ်းကြောင်း အပြင်ဘက်တွင် KLM လေကြောင်းလိုင်းမှ လေယာဉ်က ထွက်ခွာရန်ပြင်ဆင်နေချိန်တွင် ဖြစ်ခဲ့ရခြင်းဖြစ်သည်။ KLM လေကြောင်းလိုင်းက ကြေညာချက်တစ်ရပ်ထုတ်ပြန်ရာ၌ Schipol လေဆိပ်တွင် လေယာဉ်၏ လည်ပတ်နေသောဂျက်အင်ဂျင်အတွင်း လူတစ်ယောက်လဲကျရာမှ သေဆုံးမှုဖြစ်ခဲ့ရကြောင်း ထိုသေဆုံးမှုအတွက် များစွာဝမ်းနည်းမိကြောင်း ဖော်ပြခဲ့သည်။ သို့သော် သေဆုံးသူ၏ အမည်ကိုမှု ထုတ်ဖော်ပြောကြားခြင်းမပြုခဲ့ပေ။

လေဆိပ်လုံခြုံရေးတာဝန်ရှိရဲများက ခရီးသည်များအားလေယာဉ်ပေါ်မှဖယ်ရှားကာ စုံစမ်းစစ်ဆေးမှုကို ပြုလုပ်ခဲ့ကြသည်။ သေဆုံးမှုက မတော်တဆမှုလော (သို့မဟုတ်) ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်မှုလောဆိုသည်ကို ရဲတပ်ဖွဲ့က စစ်ဆေးခဲ့ကြသည်။

လေယာဉ်က KLM လေကြောင်းလိုင်းမှအသုံးပြုနေသော Embraer ဂျက်လေယာဉ်အမျိုးအစားတစ်စင်းဖြစ်ကာ လန်ဒန်ကဲ့သို့ ခရီးတိုအကွာအဝေးများသို့ ပျံသန်းရာတွင်လည်း အသုံးပြုကြောင်းသိရသည်။ ထိုဖြစ်ရပ်ဖြစ်ပွားအပြီးတွင် လေယာဉ်ပတ်ပတ်လည်၌ မီးသတ်ကားများနှင့် သူနာတင်ယာဉ်များဝိုင်းပတ်၍ ရောက်ရှိလာသည်ကိုတွေ့ကြရသည်။

မျက်မြင်တွေ့ရှိသူများက ထိုကဲ့သို့ လေယာဉ်အင်ဂျင်အတွင်း ကျရောက်ခဲ့အပြီးတွင် ကျယ်လောင်၍စိတ်မချမ်းမြေ့ဖွယ်အသံကြီး ထွက်ပေါ်လာခဲ့ကာ လေယာဉ်အင်ဂျင်အတွင်းမှ မီးခိုးများထွက်လာခဲ့ကြောင်း ပြောခဲ့ကြသည်။

Schipol လေဆိပ်က ခရီသည်တို့၏အန္တရာယ်ကင်းရေးနှင့် လုံခြုံစိတ်ချရမှုရှိရေးအတွက် အထူးဦးစားပေးကာ တင်းကျပ်ဆောင်ရွက်သောလေဆိပ်ဖြစ်၍ မတော်တဆမှုဖြစ်ပွားခြင်းများလည်း အလွန်ဖြစ်ခဲလှသောလေဆိပ်ဖြစ်သည်။ လေဆိပ်အချက်အလက်များအရ ဧပြီလတစ်လတည်း၌ပင် ခရီးသည် ၅ ဒသမ ၅ သန်းခန့် အဝင်အထွက်ရှိကာ ခရီးသည်အထူးများပြားသောလေဆိပ်လည်းဖြစ်သည်။

Ref- The Guardian

Leave a Reply

Your email address will not be published. Required fields are marked *