September 21, 2024

၃၀. ၅. ၂၀၂၄
Written by Ye Kyaw

ပြည်တွင်း၌ ဒေါ်လာဈေးနှုန်း တစ်ဒေါ်လာ ကျပ် ၄၈၀၀ ခန့်အထိ မြင့်တက်ခဲ့ပြီး ရွှေဈေးနှုန်း အခေါက်ရွှေတစ်ကျပ်သား ကျပ် ၅၈ သိန်းကျော်သို့ ခုန်တက်ခဲ့ကြောင်း ဒေါ်လာနှင့် ရွှေအရောင်းအဝယ်လုပ်ငန်းရှင်များထံမှ သိရသည်။

တစ်အောင်စလျှင် ဒေါ်လာ ၂၄၅၀ ခန့်အထိ မြင့်တက်ခဲ့သည့် ကမ္ဘာ့ရွှေဈေးသည်လည်း ယမန်နေ့တွင် ဒေါ်လာ ၂၃၅၀ သို့ ကျဆင်းခဲ့သကဲ့သို့ ယနေ့တွင်လည်း ဒေါ်လာ ၂၃၃၅ အထိ ထပ်မံကျဆင်းခဲ့သော်လည်း ပြည်တွင်းရွှေဈေး ပြန်ကျဆင်းမှုမရှိခဲ့ဘဲ မေလ ၂၈ နှင့် ၂၉ ရက် (နှစ်ရက်အတွင်း) ကျပ်ခြောက်သိန်းဝန်းကျင် ခုန်တက်ကာ ယနေ့တွင် ကျပ် ၅,၈၂၀,၀၀၀ အထိ ထပ်မံမြင့်တက်လာခဲ့သည်။

ဒေါ်လာဈေးနှုန်းသည်လည်း မေလတတိယအပတ်အထိ တစ်ဒေါ်လာ ကျပ် ၄၁၀၀ ဝန်းကျင်သာရှိခဲ့ရာ ယခုရက်ပိုင်းတွင်း ဆက်တိုက်မြင့်တက်လာခဲ့၍ ယမန်နေ့ ဈေးနှုန်းပိတ်ချိန်တွင် တစ်ဒေါ်လာ ကျပ် ၄၅၅၀ အထိ ဖြစ်ပေါ်ခဲ့ပြီး ယနေ့ ဈေးနှုန်းပြန်ဖွင့်ချိန်တွင် ဈေးနှုန်းပြောင်းလဲမှု ၅ ကြိမ်ဖြစ်ပေါ်ခဲ့ပြီးနောက် တစ်ဒေါ်လာ ကျပ် ၄၇၈၀ အထိ မြင့်တက်ခဲ့သည်။

ပြီးခဲ့သည့် မတ်လအတွင်း ပြည်တွင်းရွှေဈေး ကျပ် ၄၁ သိန်းကျော်သာရှိရာမှ ဧပြီလတွင် ကျပ် ၄၅ သိန်းကျော်သို့ မြင့်တက်ခဲ့ပြီး မေလအလယ်မှစတင်ကာ ကျပ်သိန်း ၅၀ ကျော်သို့ ဆက်လက်မြင့်တက်ခဲ့ရာ ယနေ့တွင် ကျပ် ၅၈ သိန်းကျော်သို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။

ထို့အတူ တရားဝင်လိုင်စင်မရှိဘဲ နိုင်ငံခြားငွေ ရောင်းဝယ်သူများ၊ အွန်လိုင်းပေါ်တွင် လေပတ်ကား ဈေးကစားသူများနှင့် သတ်မှတ်စည်းကမ်းများ မလိုက်နာသည့် Money Changer များ၊ တရားမဝင် ဟွန်ဒီလုပ်ငန်းများကို ဗဟိုဘဏ်နှင့် တာဝန်ရှိသူများက ဆက်တိုက်အရေးယူမှု ပြုလုပ်နေသလို ပြီးခဲ့သည့် ၅ ရက်အတွင်းမှာလည်း တရားမဝင်ဒီဂျစ်တယ်‌ငွေကြေး ရောင်းဝယ်ခြင်းနှင့် ဟွန်ဒီလုပ်ငန်းလုပ်ကိုင်သူ ၁၂ ဦး၏ ဘဏ်ငွေစာရင်း ၃၆ ခုနှင့် Pay Account ၃၈ အား အရေးယူထားသည်။

သို့သော်လည်း ‌ဒေါ်လာဈေးနှုန်းကျဆင်းလာခြင်းမရှိဘဲ ဒေါ်လာဈေး ကျပ် ၄၈၀၀ ခန့်အထိ ဈေးနှုန်းဆွဲတင်မှုကို ခံနေရခြင်းဖြစ်ပြီး ယင်းကဲ့သို့ မြင့်တက်လာခဲ့ခြင်းသည် ပုံမှန်မဟုတ်သော ငွေကြေးဖောင်းပွမှုဖြစ်ပြီး နိုင်ငံရေးနှင့် ပတ်သက်မှုများရှိကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက သုံးသပ်ထားမှုများရှိသည်။

ထို့ပြင် ငွေလဲလှယ်နှုန်းထား တိုးမြှင့်ကောက်နေခြင်းမှာ မဟုတ်မှန်ကြောင်းနှင့် ပုဂ္ဂလိကဘဏ်များမှ ၎င်းတို့ Website များတွင် ဖော်ပြထားသည့် တစ်ဒေါ်လာ ကျပ် ၃၃၃၀ ဖြင့် ရောင်းချပေးနေခြင်းဖြစ်ကြောင်း ဗဟိုဘဏ်မှ ယမန်နေ့က ထုတ်ပြန်ထားသည်။

သို့သော် တစ်ဒေါ်လာ ကျပ် ၃၃၃၀ ဖြင့် ဒေါ်လာလိုအပ်သူအကုန်လုံးကို ‌ရောင်းချပေးနိုင်ခြင်းမရှိဘဲ လတ်တလောတွင် ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်မည့်သူ၊ ဆေးကုမည့်သူ၊ ပညာတော်သင် သွားရောက်မည့်သူ၊ ဘုရားဖူးထွက်ခွာသူနှင့် ပြည်ပနိုင်ငံအစိုးရနှင့် အသင်းအဖွဲ့များ၏ ဖိတ်ကြားချက်အရ အစည်းအဝေးတက်ရောက်ရန် ထွက်ခွာမည့်သူ တစ်ဦးလျှင် အသေးသုံးနိုင်ငံခြားငွေ ငွေသားအဖြစ် အမေရိကန်ဒေါ်လာ ၃၀၀ မှ ၅၀၀ ခန့် (ယင်းနှင့်ညီမျှသော နိုင်ငံခြားငွေသား)များကို ဝယ်ယူနိုင်ခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *