September 21, 2024

၃၀.၅.၂၀၂၄
Translated by Htwe Ko Tun

မြောက်ကိုရီးယားနိုင်ငံက သူ့ရဲ့တာတိုသွား တိုက်ချင်းပစ်ဒုံးပျံ ၁၀ စင်းကို အရှေ့ပင်လယ်ခေါ် ဂျပန်ပင်လယ်အတွင်းသို့ မေလ ၃၀ ရက်မှာပစ်လွှတ်ခဲ့တယ်လို့ တောင်ကိုရီးယားစစ်ဖက်သတင်းတွေက ဖော်ပြခဲ့ပါတယ်။ အမှိုက်သရိုက်တွေနဲ့ မြေဩဇာတွေသယ်ဆောင်ထားတဲ့ ကြီးမားတဲ့မိုးပျံပူဖောင်းတွေ ရာနဲ့ချီလို့ တောင်ကိုရီးယားနိုင်ငံဘက်ပစ်လွှတ်ခဲ့ပြီး နောက်တစ်နေ့မှာပဲ အခုလို တာတိုသွား တိုက်ချင်းပစ်ဒုံးပျံတွေ ပစ်လွှတ်ခဲ့တာပါ။

တောင်ကိုရီးယားစစ်တပ်ရဲ့ ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့က တာတိုသွားတိုက်ချင်းပစ်ဒုံးပျံတွေလို့ မှတ်ယူရတဲ့အရာတွေကို မြောက်ကိုရီးယားနိုင်ငံက ပြုံယမ်းမြို့အတွင်းမှ နံနက် ၆ နာရီ ၁၄ မိနစ်မှာပစ်လွှတ်ခဲ့တာလို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် အသေးစိတ်အချက်အလက်တွေကိုတော့ မပြောကြားခဲ့ပါဘူး။

ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့က မြောက်ကိုရီးယားရဲ့ အခုလိုပစ်လွှတ်မှုတွေကို သတိဝီရိယရှိမှုနဲ့ ကြီးကြပ်ထိန်းချုပ်လျက်ရှိပြီး အမေရိကန်နဲ့ ဂျပန်အာဏာပိုင်တွေနဲ့ သတင်းအချက်အလက်တွေမျှဝေနေတယ်လို့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

တောင်ကိုရီးယားနိုင်ငံအတွင်းမှာ တက်ကြွလှုပ်ရှားသူတွေက မြောက်ကိုရီးယားအစိုးရကိုဆန့်ကျင်ပြီး လက်ကမ်းစာစောင်တွေဖြန့်ဝေမှုအတွက် မြောက်ကိုရီးယားကလည်း ပါးကိုက်ရင်နားကိုက်ရလိမ့်မယ်လို့ တုံ့ပြန်သတိပေးခဲ့ပြီးနောက်မှာ ခုလိုပစ်လွှတ်မှုတွေကို မြောက်ကိုရီးယားက ပြုလုပ်ခဲ့တာပါ။

မြောက်ကိုရီးယားက သူ့ရဲ့ တိုက်ချင်းပစ်ဒုံးပျံတွေပစ်လွှတ်မှုကို မေလ ၁၇ ရက်က ပစ်လွှတ်ခဲ့ပါသေးတယ်။

Ref-Yonhap

Leave a Reply

Your email address will not be published. Required fields are marked *