September 21, 2024

◾ အဆိုပါနေ့တွင် Online Trading Platform မှ ဒေါ်လာ၊ ဘတ်နှင့် ယွမ်ရောင်းချသူ ၁၁၆ ဦးသာရှိပြီး ဝယ်ယူသူ ၄၃၃ ဦးအထိရှိ

၃၀.၅. ၂၀၂၄
Written by Nyein Kyaw

ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာ ၄၅၅၀ ကျပ်အထိ ဖြစ်ပေါ်ခဲ့သည့် မေလ ၂၉ ရက် (ယမန်နေ့)တွင် ပုဂ္ဂလိကဘဏ်များမှ ဖော်ပြထားသည့် ဈေးနှုန်းဖြင့် ပြည်ပသို့ အလုပ်လုပ်ရန်ထွက်ခွာသူ၊ ဆေးကုသမှုခံယူရန်ထွက်ခွာသူ၊ ပညာသင်ရန်ထွက်ခွာသူ၊ အစည်းအဝေးတက်ရောက်ရန် ထွက်ခွာသူ ၁၅၇ ဦးအား ဒေါ်လာ ၂၃,၅၀၀၊ စင်ကာပူဒေါ်လာ ၁,၅၀၀၊ ထိုင်းဘတ် ၄၃,၃၂၀ နှင့် မလေးရှားရင်းဂစ် ၁,၀၀၀ ရောင်းချပေးခဲ့ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ သိရသည်။

ပြည်ပသို့ထွက်ခွာသူများအား နိုင်ငံခြားငွေရောင်းချပေးရာတွင် တစ်ဒေါ်လာ ၃၃၃၀-၃၃၃၁ ကျပ်ဖြင့် အလုပ်လုပ်ရန်ထွက်ခွာသူ ၅၈ ဦး၊ ဆေးကုသမှုခံယူရန်ထွက်ခွာသူ ၃၅ ဦး၊ ပညာသင်ရန်ထွက်ခွာသူ ၂၀ ဦးနှင့် အစည်းအဝေးတက်ရောက်ရန် ထွက်ခွာသူ ၂၇ ဦး စုစုပေါင်း ၁၄၀ ဦးအား ဒေါ်လာ ၂၃,၅၀၀ ထုတ်ရောင်းပေးခဲ့ခြင်းဖြစ်သည်။

ထိုင်းဘတ်ငွေ တစ်ဘတ် ၉၈ ကျပ်ဖြင့် အလုပ်လုပ်ရန်ထွက်ခွာသူ ၃ ဦး၊ ဆေးကုသမှုခံယူရန်ထွက်ခွာသူ ၆ ဦးနှင့် ပညာသင်ရန်ထွက်ခွာသူ ၁ ဦး စုစုပေါင်း ၁၀ ဦးအား ထိုင်းဘတ် ၄၃,၃၂၀ ရောင်းချပေးခဲ့ပြီး စင်ကာပူတစ်ဒေါ်လာ ၂,၄၆၈ ကျပ်ဖြင့် အလုပ်လုပ်ရန်ထွက်ခွာသူ ၅ ဦးအား စင်ကာပူဒေါ်လာ ၁,၅၀၀ ရောင်းချပေးခဲ့သည်။ မလေးရှားတစ်ရင်းဂစ် ၇၀၈ ကျပ်ဖြင့် အလုပ်လုပ်ရန်ထွက်ခွာသူ ၁ ဦးနှင့် ဆေးကုသမှုခံယူရန်ထွက်ခွာသူ ၁ ဦး စုစုပေါင်း ၂ ဦးအား ရင်းဂစ် ၁,၀၀၀ ထုတ်ရောင်းပေးခဲ့သည်။

မေလ ၂၉ ရက်(ယမန်နေ့)တွင် Online Trading Platform မှတစ်ဆင့် ဒေါ်လာရောင်းချသူ ပို့ကုန်လုပ်ငန်းရှင် ၉၉ ဦးသာရှိပြီး ဝယ်ယူမည့် သွင်းကုန်လုပ်ငန်းရှင် ၃၁၆ ဦးရှိကာ တရုတ်ယွမ်ရောင်းချသူ ပို့ကုန်လုပ်ငန်းရှင် ၅ ဦးသာရှိပြီး ဝယ်ယူမည့် သွင်းကုန်လုပ်ငန်းရှင် ၃၅ ဦးရှိခဲ့ကာ ထိုင်းဘတ်ရောင်းချသူ ပို့ကုန်လုပ်ငန်းရှင် ၁၂ ဦးသာရှိပြီး ဝယ်ယူမည့် သွင်းကုန်လုပ်ငန်းရှင် ၈၂ ဦးအထိ ရှိခဲ့ကြောင်း သိရသည်။

လက်ရှိတွင် Online Trading Platform မှတစ်ဆင့် ဒေါ်လာ၊ ယွမ်နှင့် ဘတ်ငွေ ရောင်းချသူများမှာ ပို့ကုန်လုပ်ငန်းရှင်များ၊ CMP ကုမ္ပဏီများ၊ NGO၊ INGO များဖြစ်ပြီး ဝယ်ယူလိုသူများမှာ ဆေးဝါး၊ စားသုံးဆီ၊ ‌ဆောက်လုပ်ရေးကုန်ကြမ်း၊ တိရစ္ဆာန်အစာ၊ လူသုံးကုန်၊ နည်းပညာပိုင်းဆိုင်ရာ၊ လျှပ်စစ်ပစ္စည်း၊ လစာပေးလိုသူများ စသည့်ကဏ္ဍပေါင်း ၂၀ ကျော်မှ ဝယ်ယူနေခြင်းဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *