September 20, 2024

၃၀. ၅. ၂၀၂၄
Written by Ye Kyaw

USDT အပါအဝင် တရားမဝင် ဒီဂျစ်တယ်ငွေကြေးများ ရောင်းဝယ်လဲလှယ်ခြင်းများနှင့် ဟွန်ဒီလုပ်ငန်းဆောင်ရွက်သူများအား အရေးယူမည်ဟု ထုတ်ပြန်ပြီးနောက် ၅ ရက်အတွင်း ယင်းသို့ ဆောင်ရွက်နေသူ ၁၂ ဦး၏ ဘဏ်ငွေစာရင်း ၃၆ ခုနှင့် Pay Account ၃၈ အား အရေးယူဆောင်ရွက်ထားကြောင်း ဗဟိုဘဏ်မှ ပြန်လည်ဖြေကြားထားသည်။

မေလ ၂၉ ရက်တွင် ပြင်ပဈေးကွက်၌ ဒေါ်လာဈေးနှုန်း ကျပ် ၄၅၀၀ ကျော်အထိ မြင့်တက်မှုနှင့် ရွှေဈေးနှုန်း ကျပ် ၅၈ သိန်းနီးပါးအထိ မြင့်တက်ခဲ့နေမှုတို့နှင့် ပတ်သက်ပြီး ဒေါ်လာနှင့်ရွှေဈေး ဖြစ်သင့်သည့်ဈေးနှုန်းသို့ ပြန်လည်ကျဆင်းအောင် ဆောင်ရွက်နေမှုနှင့် ယင်းကဲ့သို့ ဆောင်ရွက်နေမှုများကို မည်ကဲ့သို့ အရေးယူဆောင်ရွက်သွားမည်ကို MT News သတင်းဌာန၏ မေးမြန်းမှုအပေါ် ဗဟိုဘဏ်မှ အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။

USDT အပါအဝင် တရားမဝင် ဒီဂျစ်တယ်ငွေကြေးများ ရောင်းဝယ်လဲလှယ်ခြင်းများနှင့် ဟွန်ဒီလုပ်ငန်းဆောင်ရွက်နေသူများကို ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေနှင့် ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေတို့ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ငွေစာရင်းများ ပိတ်သိမ်းခြင်း၊ တရားစွဲဆို အရေးယူခြင်များ ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က မေလ ၂၄ ရက်တွင် အသိပေးကြေညာခဲ့ပြီးဖြစ်သည်။

အဆိုပါ အသိပေးကြေညာချက် ထုတ်ပြန်ပြီးနောက် မေလ ၂၉ ရက်အထိ ၅ ရက်အတွင်း USDT အပါအဝင် တရားမဝင် ဒီဂျစ်တယ်ငွေကြေးများ ရောင်းဝယ်လဲလှယ်ခြင်းများနှင့် ဟွန်ဒီလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် လူပုဂ္ဂိုလ် ၁၂ ဦးတို့၏ ဘဏ်ငွေစာရင်း ၃၆ ခုနှင့် Pay Account ၃၈ တို့အား ငွေစာရင်း ပိတ်သိမ်းခြင်းများ ဆောင်ရွက်လျက်ရှိပြီး သက်ဆိုင်ရာ တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများက လိုအပ်သော အရေးယူမှုများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ထိုကဲ့သို့သော တရားမဝင်ငွေကြေးများ ရောင်းဝယ်သည့် ကိစ္စရပ်များတွင် ပါဝင်ဆောင်ရွက်သူများအနေဖြင့် မိမိတို့၏ ငွေကြေးဆုံးရှုံးသည့်အန္တရာယ်အပြင် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေနှင့် ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေတို့အရ ငွေဒဏ်ဖြစ်စေ၊ ထောင်ဒဏ်ဖြစ်စေ၊ ပြစ်ဒဏ်နှစ်ရပ်လုံးဖြစ်စေ ကျခံရနိုင်သဖြင့် မိမိတို့၏ ငွေကြေးများ မဆုံးရှုံးစေရန်နှင့် ဘဏ်ငွေစာရင်းများ ပိတ်သိမ်းခံရခြင်းမရှိစေရန် တရားမဝင်နိုင်ငံခြားငွေ ရောင်းဝယ်ဆောင်ရွက်ခြင်းများ မပြုလုပ်ကြရန် အသိပေးတိုက်တွန်းထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *