September 20, 2024

၂၉. ၅. ၂၀၂၄
Written by Phyo Wei

SAC အစိုးရကို ဦးတည်ပိတ်ဆို့ပေမဲ့လည်း ပြည်သူလူထုသာ ထိခိုက်နေရတဲ့ စီးပွားရေးပိတ်ဆို့မှုတွေ ရှုတ်ချကြောင်းနဲ့ ပြန်လည်ရုပ်သိမ်းပေးဖို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ အပါအဝင် နိုင်ငံရေးပါတီ၂၅ ပါတီက ပူးတွဲသဘောထားထုတ်ပြန်ချက်ကို ကြေညာလိုက်တဲ့ ရက်သတ္တပတ်မှာပဲ အလုံးစုံပျက်သုဉ်းရေးပဲလုပ်မယ်ဆိုတဲ့ NUG နဲ့ PDF တွေဟာ ပြောစကားအညီပါပဲ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလကနေ လက်ရှိအချိန်အထိ မြန်မာ့မီးရထားလမ်းကွန်ရက်တစ်ခုလုံးမှာ ရထားလမ်းနဲ့ရထားဘူတာနယ်မြေ ဗုံးထောင်မိုင်းခွဲ/ ဖျက်ဆီးတာက၂၀၆ ကြိမ်၊ ရထားတံတား/ သံလမ်း မိုင်းခွဲဖျက်ဆီးတာက ၁၆၄ ကြိမ်နဲ့ ဘူတာအဆောက်အဦတွေ၊ ဝန်ထမ်းနေအိမ်တွေ မီးရှို့ဖျက်ဆီးတာက ၄၂ ကြိမ်ရှိပြီမို့ ဖျက်ဆီးမှု စုစုပေါင်း ၄၁၂ ကြိမ် ကျူးလွန်ခဲ့ကြတယ်လို့ မြန်မာ့မီးရထားထုတ်ပြန်ချက်လည်း တွေ့ရပါတယ်။

အခြားတစ်ဖက်မှာ ကိုရီးယား Daegu ဘဏ်ရဲ့ လုပ်ငန်းခွဲ DGB Microfinance Myanmar က ဝန်ထမ်းနှစ်ယောက်ကို အုတ်ဖို PDF သတ်လိုက်တာ၊ အိန္ဒိယအစိုးရက မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့အတူ သုံးနိုင်ငံချိတ်ဆက်မယ့် ဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်းမယ့် အစီအစဉ်ကို အနှစ် ၂၀ လောက်အကြာမှာ ပြန်လည်စတင်ဖို့စဥ်းစားပြီး တရုတ်ကိုချိန်ညှိဖို့ ထပ်ကြိုးစားတာ၊ မြန်မာတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တွေ့တဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင် ရုတ်တရက်တရားစွဲခံရတာ၊ NUG ကို တက်ခွင့်ပေးပါလို့ တစာစာအော်နေတဲ့ကြားက အမေရိကန်-အာဆီယံအစည်းအဝေးကို SAC အစိုးရကိုယ်စားလှယ်ပဲ တက်ခွင့်ရတာ စတဲ့ဖြစ်စဥ်ထူးတွေအများကြီးနဲ့ ဒီရက်သတ္တပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက်အဖြစ်တော့ မုံရွာ PDF တွေရဲ့ ပြန်ပေးဆွဲမှု ပေါ်လွင်သွားတဲ့အကြောင်း၊ ဦးအောင်ဆန်းဦးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ အနှစ် ၂၀ ကျော် မပြီးပြတ်သေးတဲ့အမွေလုမှုအကြောင်းနဲ့ မြန်မာနိုင်ငံမှာ နျူကလီးယားဓာတ်အားပေးစက်ရုံ ရုရှားဆောက်ပေးဖို့ ပိုမိုသေချာသထက်သေချာလာတဲ့အကြောင်းတွေ သုံးသပ်ချင်ပါတယ်။

NUG သိက္ခာကျရတဲ့ မုံရွာ PDF ပြန်ပေးဆွဲမှု

ရဲတပ်ဖွဲ့ဝင်ဟောင်းဦးဝင်းနိုင်ကို မုံရွာမြိုနယ် ပြည်သူ့လုံခြုံရေးအဖွဲ့ (မုံရွာပလဖ)က ဖမ်းဆီးသွားပြီးနောက်မှာ ကျပ်သိန်း ၂၀၀ ပေးဖို့ ခြိမ်းခြောက်လာသလို ပြန်ပေးဆွဲငွေကျပ် သိန်း ၂၀၀ နဲ့မရွေးနိုင်ရင် သတ်ပစ်မယ်လို့ပါ ခြိမ်းခြောက်တယ်လို့ ဇနီးဖြစ်သူ ဒေါ်ခင်စန်းလွင်က MT News ကို ပြောတဲ့အပြင် မုံရွာပလဖအဖွဲ့ စွပ်စွဲထားတဲ့ အချက်တွေဖြစ်တဲ့ ဝေမိုးနိုင်ကို ဖမ်းဆီးတဲ့ အဓိကတရားခံ၊ ချမ်းသာကြွယ်ဝတဲ့သူတွေ ဖမ်းဆီးငွေညှစ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေကလည်း မမှန်ကန်ဘဲ ဦးဝင်းနိုင်ဟာ ၂၀၂၁ ခုနှစ်ထဲက ပင်စင်မယူဘဲ နုတ်ထွက်ထားသူဖြစ်တယ်လို့ ပြောလာပါတယ်။

မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ(မုံရွာပလဖ)ဟာ မုံရွာခရိုင် မှူခင်းဌာနက တွဲဘက်တာဝန်နဲ့ အသွင်ယူ တာဝန်ထမ်းဆောင်နေတဲ့ရဲအရာခံဝင်းနိုင်ကို မေလ ၁၉ ရက်မှာ မုံရွာမြို့ပေါ်အထိ တက်ပြီးဖမ်းဆီးလာခဲ့တာလို့ လူထုသိအောင် ထုတ်ပြန်အပြီးမှာ ဒေါ်ခင်စန်းလွင်တုံ့ပြန်တာကြောင့်လည်း မုံရွာ PDF တွေ ငါးပါးမှောက်နေခဲ့တာပါ။

ဘာကြောင့် မုံရွာ PDF တွေ ငါးပါးမှောက်နေတာလဲဆိုတော့ မုံရွာပလဖထုတ်ပြန်ချက်မှာ ရဲအရာခံဝင်းနိုင်ဟာ မုံရွာက တက်ကြွလှုပ်ရှားသူ ဝေမိုးနိုင်ကို ဖမ်းဆီးတဲ့ အဓိကတရားခံ၊ ချမ်းသာကြွယ်ဝတဲ့သူတွေ ဖမ်းဆီးငွေညှစ်တယ်ဆိုတဲ့အချက်တွေက မမှန်ကန်ဘူးလို့ ဇနီးဖြစ်သူ ဒေါ်ခင်စန်းလွင်က ချက်ခြင်းတုံ့ပြန်ခဲ့တာကြောင့်ပါ။ ပိုဆိုးတာက မုံရွာပလအဖွဲ့က ဦးဝင်းနိုင်ကိုဖမ်းဆီးတဲ့ ဒုတာဝန်ခံသီဟနဲ့ ရပ်ကျေးပလဖတာဝန်ခံတို့က ဒေါ်ခင်စန်းလွင်ကို ဖုန်းဆက်ပြီး “ရဲတပ်ဖွဲ့ဝင်ဟောင်း ဦးဝင်းနိုင် ပြန်လွှတ်စေချင်ရင် သိန်း ၂၀၀ ပေး၊ မပေးရင် သတ်ပစ်မယ်” လို့ ခြိမ်းခြောက်ငွေညှစ်တာကိုပါ ဒေါ်ခင်စန်းလွင်က ဖော်ထုတ်ခဲ့လို့ပါ။

လက်ရှိမှာတော့ တပ်မတော်ကိုထီမထင်ဟန်နဲ့ မုံရွာမြို့ပေါ်အထိ ရဲတပ်ဖွဲ့ဝင်ဟောင်း ဦးဝင်းနိုင်ကိုတက်ဖမ်းတဲ့ မုံရွာပလဖအဖွဲ့ဟာ လက်နက်လည်းမရှိ အင်အားလည်းမရှိဘဲ မိန်းမတစ်ယောက်တည်း အွန်လိုင်းပေါ်တက်ပြီး “မုံရွာပလဖတွေစွပ်စွဲသလို ဦးဝင်းနိုင်ဟာ ဝေမိုးနိုင်ဖမ်းသူမဟုတ်ကြောင်း၊ ဦးဝင်းနိုင်က ခါးကျီးပေါင်းရောဂါနဲ့ ၂၀၂၁ ကတည်းက ရဲတပ်ဖွဲ့ကထွက်ပြီး ငါးပိချက်နေကြောင်း၊ မုံရွာပလဖအဖွဲ့က သိန်း ၂၀၀ ပေးမှ ဦးဝင်းနိုင်ကိုလွှတ်ပေးမယ် ငွေညှစ်ကြောင်း၊ အဲဒီအကြောင်းတွေ မုံရွာပလဖအဖွဲ့ကဦးဝင်းနိုင်ကိုဖမ်းထားတယ်ဆိုတဲ့ပို့စ်အောက် မန့်ချိန် မန့်တွေပါဖျက်ပစ်ကြောင်း၊ ဒီနေ့အထိလည်း ဆက်သွယ်မရကြောင်း”Fb မှာ ပို့စ်တင်လိုက် Live လွှင့်လိုက် ဖြေရှင်းနေတာပါ။ ရဲတပ်ဖွဲ့ဝင်ဟောင်း ဦးဝင်းနိုင်ကို ဖမ်းဆီးငွေညှစ်တဲ့ မုံရွာပလဖအဖွဲ့ဟာ ဦးဝင်းနိုင်ဇနီး ဒေါ်ခင်စန်းလွင်ကို သွားပြီးသတ်ရင်လည်း တစ်ပြစ်၊ မသတ်ပြန်လည်း သူတို့ပြန်ပေးဆွဲ ဆက်ကြေးတောင်းမှု မဖော်ဖို့ တားမရနဲ့အခက်ကြုံနေရသလို ဒေါ်ခင်စန်းလွင်ရဲ့ ဖြေရှင်းချက်တွေ မှန်မမှန် ဖြေပေးပါလို့ MT News က မေးတော့လည်း ဒီနေ့အထိ မဖြေနိုင်သေးပါဘူး။

ဒါဟာ မုံရွာ PDF တွေအဖို့တော့ ဘယ်လောက်ပဲ လူထုထောက်ခံတယ်ဆိုပြီး မာန်တက်မာန်တက် မဟုတ်တာလုပ်ထားတဲ့အခါမှာ ဘယ်လောက်ပဲ လက်နက်လူသူအင်အားကောင်းကောင်း၊ ဘယ်လောက်ပဲ မာန်တင်းမာန်တင်း မိန်းမတစ်ယောက်ကိုတောင် မတုံ့ပြန်ရဲတော့တဲ့ ပြယုဂ်ပါပဲ။ NUG အဖို့လည်း မုံရွာပလဖလိုမျိုး PDF တွေရဲ့ “ဒလန်၊ သူလျှို”ခေါင်းစဥ်တပ် ဆက်ကြေးတောင်း ပြန်ပေးဆွဲမှုတွေ ဆက်မကျူးလွန်ရေး ထိန်းနိုင်ဖို့လိုအပ်နေတာကို ဒီဖြစ်စဥ်မှာ တွေ့ရပါလိမ့်မယ်။

◾  မပြီးပြတ်နိုင်သေးတဲ့ အမွေလုပွဲ

“ဥစ္စာကံပေး မရသေး၊ နှောင့်နှေးဗျာပါမရှိရာ”ဆိုတဲ့ ဆုံးမစကားနဲ့ “အမွေဆိုတာ ထိုက်သူရတာ”ဆိုတဲ့ ကံကံ၏ အကျိုးတွေကို ယုံကြည်ကြတဲ့ မြန်မာလူမျိုး ဗုဒ္ဓဘာသာတွေကြားမှာ မောင်နှမချင်း အမွေလုလို့ “တရားတပေါင်ဖြစ်ကြ၊ ထိုးကြကြိတ်ကြ၊ သတ်ကြဖြတ်ကြ”တာကို မြင်ကြတဲ့အခါ ရွံရှာနှာခေါင်းရှုံ့တတ်ကြပါတယ်။ ဥစ္စာပစ္စည်းအမွေ လောဘတက်တဲ့အခါ သွေးရင်းသားရင်းတောင် မထောက်မညှာတရားတပေါင်ဖြစ်ကြတဲ့အခါဆိုလည်း မနှစ်မြို့ကြတာ ထုံးစံပါပဲ။

ဒါပေမဲ့လည်း အဲဒီလို ဗုဒ္ဓဘာသာနိုင်ငံမှာ ပြောမထွက်ရဲစရာ နိုင်ငံ့ခေါင်းဆောင်မိသားစုတွေရဲ့ အမွေလုမှုကလည်း အနှစ် ၂၀ ကျော်ကြာအထင်ကရရှိနေပြီး အဲဒီ ကမ္ဘာသိအမွေလုမှုရဲ့ ဒီနေ့အထိ အရှက်ရစရာ လေလံပြိုင်နေကြတာကတော့ မြန်မာ့လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရင်နှစ်သည်းခြာရတနာ သားကြီးဩရသ ဦးအောင်ဆန်းဦးနဲ့ တစ်ဦးတည်းသော မွေးချင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်းလည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ အမွေလုပွဲပါ။

လွတ်လပ်ရေးဖခင်ကြီးဗိုလ်ချုပ်အောင်ဆန်းသမီးဖြစ်ရုံတင်မက NLD အစိုးရဟောင်းရဲ့ ခေါင်းဆောင်လည်းဖြစ်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ အရှက်ရစရာ ကမ္ဘာသိအမွေလုပွဲဟာ အစိုးရလေးငါးဆက်ကြာခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်လည်း အာဏာရတဲ့ငါးနှစ်သက်တမ်းရှိခဲ့ပေမဲ့ မပြီးပြတ်ခဲ့ဘဲ့ ဒီနေ့ဒီကာလမတော့ ကနဦးကျပ် ၃၁၅ ဘီလျံနဲ့လေလံတင်၊ ရလာတာကို အမွေလုမောင်နှမ အညီအမျှယူရမယ်အဆင့်ရောက်လာပေမဲ့ NUG နဲ့ PDF တွေက ဒီခြံကို အမွေအနှစ်သတ်မှတ်ကြပြီး ဝယ်သူသတ်မယ်ကြေညာမှုအောက် လေလံမအောင်လို့ ဒုတိယအကြိမ်မှာတော့ ကျပ် ၂၈၅ ဘီလျံနဲ့ လေလံပစ်ကြဦးမှာပါ။

ဒီနေရာမှာ ဗိုလ်ချုပ်အောင်ဆန်းဇနီး ဒေါ်ခင်ကြည်အမည်ပေါက်ထားတဲ့ ဦးအောင်ဆန်းဦးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့အမွေဆိုင် ခြံအမှတ် (၅၄) ကို ဦးအောင်ဆန်းဦးက ယတိပြတ်ပြောထားတာတစ်ခုရှိပြီး”ဒီခြံကိုသာ စုကြည်က ပြတိုက်လုပ်ဖို့ သဘောတူရင် ကျွန်တော်က စက္ကန့်ပိုင်းအတွင်း သဘောတူမယ်”လို့ ပြောထားဖူးတာပါ။ ဒေါ်အောင်ဆန်းစုကြည်ဘက်ကတော့ အဲဒီစကားကို တုံ့ပြန်မှု မမြင်ခဲ့ရဘဲ အမွေဆိုင်ခြံတစ်ဦးတည်းပိုင်ဖို့သာ အားထုတ်နေတာပါ။ ဒီကြားမှာလည်း NUG နဲ့ PDF တွေက လေလံဝယ်သူသတ်မယ် ခြိမ်းခြောက်ကြတာ၊ စျေးလျှော့ထားတဲ့ ၂၈၅ ဘီလျံကတောင် ပေါက်စျေးထက် ဘီလျံရာဂဏန်းများနေသေးတာတွေကြောင့် စျေးလျှော့လေလံပစ်လည်း ဒီခြံကလေလံဝယ်ရဲသူမရှိဘဲ လိပ်ခဲတည်းလည်းနဲ့ကို ကမ္ဘာသိခေါင်းဆောင်တွေရဲ့ အရှည်ကြာဆုံးအမွေလုပွဲဆိုတာမျိုးနဲ့ မြန်မာ့ပြည်တွင်းစစ်လို အရှက်ရစရာ ပြိုင်ဘက်မရှိ အမွေလုမှုဖြစ်လာမဲ့သဘောပါပဲ။

သေချာသထက်သေချာလာတဲ့ နျူကလီးယားဓာတ်အားပေးစက်ရုံ

ဆိုဗီယက်ပြည်ထောင်စုက လုပ်ဆောင်ပေးတဲ့ သုတေသနဓာတ်ပေါင်းဖိုကနေ နျူလက်နက်ပိုင်ဆိုင်သွားခဲ့တဲ့ မြောက်ကိုရီးယားဟာ အခုအချိန်မှာ ကမ္ဘာကိုအုပ်စိုးချင်နေတဲ့ အမေရိကန်နဲ့အပေါင်းအပါတွေအဖို့ အိပ်မက်ဆိုးလိုဖြစ်နေတာကြောင့် မြောက်ကိုရီးယားနည်းတူ မြန်မာနိုင်ငံရဲ့ နျူကလီးယားစွမ်းအင်သုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံပိုင်ဆိုင်ရေးဟာ အရင်ကတော့ မြူမှုန်အိပ်မက်ပါ။ မြောက်ကိုရီးယားလိုဖြစ်မှာစိုးလို့ အမေရိကန်က မြန်မာပြည် နျူလျှပ်စစ်မပိုင်ဖို့ကြိုးစားခဲ့သလို တစ်ဖက်မှာလည်း တရုတ်လုပ်ငန်းတွေတားဆီးဖို့ မြစ်ဆုံလိုရေအားလျှပ်စစ်ပိတ်ပင်နိုင်ရေး သူ လှုံ့ဆော်ပံ့ပိုးပေးခဲ့တာပါ။

ဒါပေမဲ့ အမေရိကန်ကိုယ်တိုင်ကလည်း နျူကလီးယားစွမ်းအင်သုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံတွေသုံးနေသလို မြန်မာပြည်မယ် တရုတ်ရဲ့မြစ်ဆုံစီမံကိန်းလည်း ဖျက်ဆီး၊ ကျောက်မီးသွေးလည်းလက်မခံနဲ့ လှုံ့ဆော်၊ ဆိုလာလိုနေရာကျယ်ကျယ်ယူပြီး ထုတ်လုပ်နိုင်စွမ်းအားကအရမ်းနိမ့်တာတစ်ခုပဲ သူကလုပ်စေချင်တဲ့နိုင်ငံမှာ လက်တွေနဲ့ တကယ့်ဖြစ်ရပ်ကွာဟမှူ အင်မတန်ကြီးကျယ်လာတာ မြင်သာလာပြီး “မင်းတို့အမေရိကန်နဲ့ ကမ္ဘာ့နိုင်ငံတွေကြ လျှပ်စစ်ရဖို့အကုန်သုံးပြီး ငါတို့လိုဖွံ့ဖြိုးဆဲနိုင်ငံကြမှ ဘာတစ်ခုမှမလုပ်နဲ့ကန့်ကွက်ပြီး ဆိုလာလိုသုံးသင့်တာသုံးဖို့ကြတော့လည်း ဘာလို့ကူညီမပေးလဲ?လို့ အမေရိကန်ကို မေးခွန်းထုတ်သံ ညံလာတာပါ။

ဒီလိုမေးခွန်းထုတ်သံညံလာချိန် မြန်မာပြည်မယ်နျူကလီးယားနဲ့ပတ်သက်တာာ ဘာတစ်ခုမှမပိုင်ဆိုင်စေချင်လို့ အလွန်ထ်ိန်းချုပ်ခဲ့တဲ့ အမေရိကန်က တခြားနည်းနဲ့ လျှပ်စစ်ရဖို့လည်းမကူညီဘဲ ဘာဖြစ်ဖြစ်ပိတ်ပင်ခဲ့ပေမဲ့ နျူ လက်နက်ထုတ်နိုင်တဲ့အထိ ပြင်းထန်တဲ့ပလူတိုနီယံနဲ့ နျူကုန်ကြမ်းကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ရဲ့ ရာကူဇာပွဲစားဆီက မိခဲ့မှ သူကိုယ်တိုင် Shock ဖြစ်သွားပုံပါပဲ။

ဒီအခြေအနေမှာပဲ မြန်မာပြည်သူတွေကလည်း “တရုတ်ရဲ့မြစ်ဆုံကိုလည်း မလုပ်စေဖို့ အမေရိကန်သွေးထိုးတာ၊ ကျောက်မီးသွေးကိုလည်း သူထောက်ပံ့ထားတဲ့ NGO တွေကြောင့် မြန်မာလူထုလက်မခံတာ၊ LNG က စျေးကြီးလွန်းတာ၊ ဆိုလာကနေရာယူလွန်းတာ၊ လေအားလျှပ်စစ်က အကောင်အထည်မပေါ်သေးတာ” စတဲ့အခြေအနေတွေ မြင်လိုက်ပုံရသလို မြစ်ဆုံနဲ့ နျူကလီးယားလျှပ်စစ်ကို တရုတ်နဲ့ရုရှား အပြိုင်အဆိုင်ပြန်စဖို့တာစူတဲ့ အားပြိုင်မှုပါ အမေရိကန်ကိုယ်တိုင် ရုတ်ချည်းမြင်လိုက်ရတာပါ။

လက်ရှိမှာတော့ အမေရိကန်နဲ့အားပြိုင်ဘက် စူပါပါဝါ တရုတ်နဲ့ရုရှားက မြစ်ဆုံနဲ့ နျူစွမ်းအင်သုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံ မြန်မာပြည်မယ် ပြိုင်တူလုပ်ဖို့ ခြေလှမ်းပြင်တာပါ။ ဒီတော့ မြန်မာ့တိုးတက်ရေးလည်း ဘာမှလုပ်မပေးတဲ့ အမေရိကန်အဖို့ နျူစွမ်းအင်သုံးလျှပ်စစ်လုပ်ပေးမဲ့ ရုရှားကိုကန့်ကွက်မလား၊ မြစ်ဆုံကို လုပ်မဲ့တရုတ် ဆန့်ကျင်ရမလား၊ ဒီနှစ်ခု ဆန့်ကျင်ဖို့ လှုံဆော်မယ်ဆိုလည်း မြန်မာပြည်မီးမှန်ဖို့ အမေရိကန်အနေနဲ့ သူ ထောက်ပံ့ထားတဲ့ NUG နဲ့ PDF တွေကို လျှပ်စစ်ဖြန့်ဖြူးရာအရင်းအမြစ်တွေ မဖျက်ဆီးကြတော့နဲ့ပြောရမလား ဝေခွဲရခက်တဲ့ အခြေအနေကိုဖြစ်သွားစေတာပါ။

မြန်မာလူထုအဖို့လည်း တရုတ်ကလုပ်ပေးမဲ့ မြစ်ဆုံလည်းမကြိုက်၊ ရုရှားကူညီမဲ့ နျူစွမ်းအင်သုံးလျှပ်စစ်ကိုလည်း ကြောက်တယ်ဆိုရင် အမေရိကန်ထောက်ပံ့မှုနဲ့ အလုံးစုံပျက်သုဥ်းရေးလုပ်နေတဲ့ NUG နဲ့ PDF တွေရဲ့ လျှပ်စစ်ဓာတ်အားပေးမှုအရင်းအမြစ်တွေဖျက်ဆီးတာ လက်မခံကြောင်း ဆန့်ကျင်ရမဲ့အခြေအနေရောက်လာတာပါ။ အမေရိကန်၊ တရုတ်၊ ရုရှားတို့ရဲ့ မြန်မာနိုင်ငံ လျှပ်စစ်ဓာတ်အားအပြည့်အဝရရှိရေး ဒီအားပြိုင်မှုသုံးခုမှာ ဖြစ်သင့်တာကတော့ တစ်နိုင်ငံလုံးထိခိုက်မှုကြီးမဲ့မြစ်ဆုံထက် အမေရိကန်ထောက်ပံ့ထားတဲ့ PDF တွေက မြန်မာ့လျှပ်စစ်အရင်းအမြစ်တွေဖျက်ဆီးတာရပ်ဖို့နဲ့ ဘင်္ဂလားဒေ့ရှ်လို အိမ်နီးချင်းတောင် မဂ္ဂဂါဝပ်ထောင်ချီထုတ်မဲ့ Nuclear Power Plant တွေ ပိုင်ဆိုင်နေချိန်မှာ ရုရှားက မဂ္ဂါဝပ်ရာဂဏန်းထုတ်ပေးမဲ့ Nuclear Power Plant သာ လက်ခံဖို့လိုတယ်စဥ်းစားသင့်ကြောင်း တင်ပြရင်း ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက် ရပ်နားပါရစေ။

Leave a Reply

Your email address will not be published. Required fields are marked *