September 20, 2024

၂၉. ၅. ၂၀၂၄
Written by Nyein Kyaw

အွန်လိုင်းပေါ်တွင် ID အစစ်အမှန်မဟုတ်သည့် အကောင့် (Fake Account) များအသုံးပြု၍ ဘဏ်များမှ ငွေလဲလှယ်နှုန်းများ တိုးမြှင့်ကောက်ခံနေကြောင်းသတင်းမှာ မမှန်ကန်ကြောင်း ဗဟိုဘဏ်မှ ယနေ့တွင် အသိပေးထုတ်ပြန်ထားသည်။

ပြင်ပစျေးကွက်တွင် တစ်ဒေါ်လာ ၄၅၅၀ အထိဖြစ်လာနေသည်ဟုသတင်းများထွက်လာအပြီး ဗဟိုဘဏ်က တစ်ဒေါ်လာ ၃၃၃၀ ခန့်ဖြင့်သာ အရောင်းအဝယ်ပြုလုပ်နေသည်ဆိုသည့် ပုဂ္ဂလိကဘဏ်များ၏ စျေးနှုန်းဖော်ပြရာ Website လင့်ခ်များဖြင့် သတင်းထုတ်ပြန်လာခြင်းဖြစ်သည်။

ဗဟိုဘဏ် ထုတ်ပြန်မှုအရ Online Social Media Platform များဖြစ်သည့် Facebook၊ Viber၊ Telegram အစရှိသည်တို့ပေါ်တွင် ID အစစ်အမှန်မဟုတ်သည့် အကောင့် (Fake Account) များအသုံးပြု၍ ဘဏ်များမှ ငွေလဲလှယ်နှုန်းများ တိုးမြှင့်ကောက်ခံနေကြောင်းအပါအဝင် မမှန်ကန်သည့်သတင်းများကို ထုတ်ပြန်ဖော်ပြပြီး ငွေကြေးမတည်မငြိမ်ဖြစ်အောင် ဆောင်ရွက်နေသည်ကို စိစစ်တွေ့ရှိနေသည်။ အဆိုပါ Website များကို လိုအပ်သည့် အရေးယူမှုဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိပါသည်။ AD လိုင်စင်ရဘဏ်များအနေဖြင့် ဘဏ်၏ တရားဝင် Website များတွင် Exchange Counter ၏ အရောင်းအဝယ် ငွေလဲလှယ်နှုန်းများကို ကြေညာပေးချက်ရှိကြောင်း ထုတ်ပြန်ထားသည်။ တရားဝင် Website များဖြစ်သည့် KBZ ဘဏ်၏ https://www.kbzbank.com/en/ ၊AYA ဘဏ်၏ https://ayabank.com/personal-banking/other-services/foreign-currency-exchange-service#foreign currency exchange rate၊ MAB ဘဏ်၏ https://www.mabbank.com/gtb ၊ UAB ဘဏ်၏ https://www.uab.com.mm/ ၊ A Bank ဘဏ်၏ https://www.abank.com.mm/en US/၊ CB ဘဏ်၏ https://wwwcbbank.com.mm/en ၊ Yoma ဘဏ်၏ https://www.yomabank.com/ ၊ MCB ဘဏ်၏ https://mcb.com.mm/ ၊ MOB ဘဏ်၏ https://www.mobmyanmar.com/ တို့တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း ဖော်ပြခဲ့သည်။

သို့ဖြစ်ပါ၍ ပြည်သူများအနေဖြင့် မမှန်ကန်သည့် Website ကြေညာချက်များကို ယုံကြည်မှုမရှိဘဲ သက်ဆိုင်ရာဘဏ်များ၏ Website တွင် ငွေလဲလှယ်နှုန်းများကို ကြည့်ရှုလေ့လာနိုင်ကြောင်း ဗဟိုဘဏ်က အသိပေးကြေညာထားသည်။

လက်ရှိတွင် ဗဟိုဘဏ်မှ ဖော်ပြထားသည့် ဘဏ်များ၌ အဆိုပါဘဏ်များမှ ဖော်ပြထားသည့် ဈေးနှုန်းများအတိုင်း နိုင်ငံခြားငွေ လိုအပ်သူအားလုံးကို ရောင်းချပေးနေခြင်းမဟုတ်ဘဲ ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်မည့်သူ၊ ဆေးကုမည့်သူ၊ ပညာတော်သင်သွားရောက်မည့်သူ ဘုရားဖူးထွက်ခွာသူနှင့် ပြည်ပနိုင်ငံအစိုးရနှင့် အသင်းအဖွဲ့များ၏ ဖိတ်ကြားချက်အရ အစည်းအဝေးတက်ရောက်ရန် ထွက်ခွာမည့်သူ တစ်ဦးလျှင် အသေးသုံးနိုင်ငံခြားငွေ ငွေသားအဖြစ် အမေရိကန်ဒေါ်လာ ၃၀၀ မှ ၅၀၀ ခန့် (ယင်းနှင့်ညီမျှသော နိုင်ငံခြားငွေသား)များကို ဝယ်ယူနိုင်ခြင်းဖြစ်သည်။

ယခုရက်ပိုင်းအတွင်း ဗဟိုဘဏ်မှ လက်ရှိသတ်မှတ်ထားသည့် ငွေလဲလှယ်နှုန်းထက် တိုးမြှင့်မည်ဟု ကောလာဟလသတင်းများ ထွက်ပေါ်လာခဲ့ပြီးနောက် ပြင်ပဈေးကွက် (လေပတ်ကားဈေးနှုန်း)တွင် တစ်‌ဒေါ်လာ ကျပ် ၄၁၀၀ ရှိခဲ့သည့် ဒေါ်လာဈေး ယနေ့ ဈေးနှုန်းပြောင်းလဲမှု ၆ ကြိမ်အထိ ဖြစ်ပေါ်ခဲ့ပြီး တစ်ဒေါ်လာ ကျပ် ၄၅၅၀ အထိ မြင့်တက်ခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ဗဟိုဘဏ်မှ ထုတ်ပြန်ပေးထားသည့် ဘဏ်များ၏ Website တွင် ဖော်ပြထားသည့် ဒေါ်လာဈေးနှုန်းသည် ပြင်ပဈေးကွက်တွင် ဖြစ်ပေါ်နေသော ဒေါ်လာဈေးနှုန်းထက် တစ်ဒေါ်လာ ကျပ် ၁၂၀၀ ကျော်အထိ လျော့ကျသော်လည်း နိုင်ငံခြားငွေ လိုအပ်သူတိုင်းအား ရောင်းချပေးနိုင်ခြင်းမရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *