September 20, 2024

၂၉.၅. ၂၀၂၄
Written by Shwe Phyo

အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့နှင့် ဆက်သွယ်မည့် Liquefied Natural Gas (LNG) ဓာတ်ငွေ့ပိုက်လိုင်းတည်ဆောက်ရန် ပြန်လည်စီစဉ်နေကြောင်း အဆိုပါကိစ္စနှင့်နီးစပ်သူနှစ်ဦးက ပြောသည်။

အိန္ဒိယအစိုးရသည် မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့နှင့်အတူ သုံးနိုင်ငံချိတ်ဆက်မည့် ဓာတ်ငွေ့ပိုက်လိုင်းသွယ်တန်းမည့်အစီ အစဉ်ကို ၂၀၀၅-၀၆ ခုနှစ်တွင် ကနဦးဆွေးနွေးခဲ့ဖူးကြောင်း အိန္ဒိယသတင်းမီဒီယာများတွင် ဖော်ပြထားသည်။ မြန်မာနိုင်ငံသည် တရုတ်နိုင်ငံနှင့် ဓာတ်ငွေ့ပိုက်လိုင်းသွယ်တန်းမည့် အစီအစဉ်ကို စတင်ရန် ဆုံးဖြတ်ခဲ့ပြီးနောက် အိန္ဒိယအစိုးရသည် မြန်မာ၊ ဘင်္ဂလားဒေ့ရှ်တို့နှင့် ဓာတ်ငွေ့ပိုက်လိုင်းသွယ်တန်းမည့် အစီအစဉ်ကို ရပ်ဆိုင်းခဲ့သည်။

သို့သော် ​ယူကရိန်းစစ်ပွဲဖြစ်လာခဲ့ပြီးနောက် စွမ်းအင်ဈေးကွက် ကမောက်ကမဖြစ်လာခဲ့ရာ အိန္ဒိယအစိုးရသည် ၎င်းတို့၏ အရှေ့မျှော်မူဝါဒအစီအစဉ်အတိုင်း သုံးနိုင်ငံဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်းမည့် အစီအစဉ်ကို ပြန်လည်ကြိုးပမ်းရန် စီစဉ်နေကြောင်း သိရသည်။

အဆိုပါကိစ္စနှင့်နီးစပ်သောိန္ဒိယအစိုးရတာဝန်ရှိသူတစ်ဦးက “မြန်မာနိုင်ငံနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ဟာ ကြီးမားတဲ့အရန်ဓာတ်ငွေ့သိုက်တွေရှိနေတဲ့အတွက် အိန္ဒိယအစိုးရဟာ နိုင်ငံအရှေ့ဘက်ရှိ အိမ်နီးချင်းနိုင်ငံတွေနဲ့ ဓာတ်ငွေ့ပိုက်လိုင်းသွယ် တန်းဖို့ စီစဉ်နေတယ်။ အဲဒီနိုင်ငံတွေကလည်း ဓာတ်ငွေ့တွေရောင်းချဖို့လိုလားနေတယ်” ဟုပြောသည်။

မြန်မာနိုင်ငံတွင် အရန်ဓာတ်ငွေ့ပမာဏာ အနည်းဆုံး ၂၂ ဒသမ ၅ ထရီလီယံကုဗပေ ရှိနေသည်ဟု ၂၀၂၁ ခုနှစ်တွင် ခန့်မှန်းမှုများရှိခဲ့ဖူးသည်။ တရုတ်နိုင်ငံနှင့်ထိုင်းနိုင်ငံတို့သည် လက်ရှိအချိန်တွင် မြန်မာနိုင်ငံမှထွက်ရှိသော ဓာတ်ငွေ့များကိုအများဆုံး ရယူနေသည့် နိုင်ငံများဖြစ်နေကြောင်း သိရသည်။ အိန္ဒိယ၊ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကြားဆက်သွယ်မည့် ဓာတ်ငွေ့ပိုက်လိုင်းတည်ဆောက်ရေးစီမံကိန်းက အရှည် ၆၉၀၀ ကီလိုမီတာရှိမည်ဖြစ်ကြောင်း အစောပိုင်းက သတင်းများထွက်ပေါ်ခဲ့ဖူးသည်။

REF livemint

Leave a Reply

Your email address will not be published. Required fields are marked *