September 20, 2024

၂၉.၅.၂၀၂၄
Written By Thandar

ကျန်းမာရေးချို့တဲ့‌နေကြရှာတဲ့ ဂန္ထဝင်အနုပညာရှင်နှစ်ဦးဖြစ်တဲ့ တေးရေးအလွမ်းသီချင်း‌ရေးတဲ့ မောင်ကျော်ဇောနဲ့ တေး သံရှင် ဒေါ်ခင်ညွန့်ရည်တို့ကို ဂုဏ်ပြုပွဲကို ယနေ့ မေလ ၂၉ ရက် နံနက် ၉ နာရီက ရန်ကုန်မြို့ M 3 Food Center မှာ ကျင်းပခဲ့ပါတယ်။

“ကျန်းမာရေးမကောင်းလို့ ကုသမှုခံယူနေကြရရှာတဲ့ အနုပညာရှင်မောင်နှမနှစ်ဦးအတွက် ကျွန်တော်နဲ့ ဆရာမမြကြာငုံ (Dr နီလာသိန်း)၊ ဆရာမဂျူးတို့ ကြိုးစားစီစဥ်တဲ့အားထုတ်မှုလေးတစ်ခုပါ။ စာရေးဆရာ၊ ကဗျာဆရာဖြစ်တဲ့ ဆရာမောင်ကျော်ဇော လေဖြတ်ထားတာကြာပါပြီ။ ယခုအဆိုတော်ကြီး ခင်ညွန့်ရည်ကလည်း အဆုတ်ကင်ဆာကို ရင်ဆိုင်ကုသနေရပါတယ်။ ခုလိုကျန်းမာရေးမကောင်းတဲ့အပေါ်မှာ ကျန်းမာရေးစရိတ်လေးဝိုင်းပြီးတော ပံ့ပိုးလို့ရအောင်ဆိုပြီး စီစဉ်ကြတယ်။ ပံ့ပိုးတဲ့ ငွေကြေးလေးကိုလည်း အပ်ကြတဲ့အခါမှာ သူတို့ရဲ့ မိတ်ဆွေတွေက သီချင်းလေးတစ်ပုဒ်ဆီ၊ နှစ်ပုဒ်ဆီဆိုပြီးတော့ သူတို့ကိုအားပေးကြတာပါ” လို့ အောင်သျှံဝိုင်း(ကျိုက်မရော)က MT Entertainment ကို ပြောပါတယ်။

အဆိုပါအခမ်းအနားမှာတော့ နိုင်ငံကျော်အဆိုတော်ကြီး ဒေါ်ခင်ညွန့်ရည်က “ဗေဒါလမ်း” သီချင်းကို သမီးဖြစ်သူတေးသံရှင် အိုပြည့်ရှင်နဲ့ စတင်အဖွင့်သီဆိုခဲ့သလို တေးသံရှင် သဲနုဝါနဲ့လည်း “မိုးမခအလွမ်း” သီချင်းကို တွဲဖက်ပြီး သီချင်းသီဆိုခဲ့ကြပါတယ်။ ဒါပြင် တေးသံရှင်ကြီးတွေဖြစ်ကြတဲ့ မောင်သိန်းဝင်း၊ ရီရီသန့်၊ ရွှေမင်းသား၊ နှင်းရည်သန့်၊ အေးပပလှိုင်၊ အေးလွင်အောင်၊ မိုးထက်မြင့်၊ မေသက်ထားဆွေ၊ နန်းကြော့ကလျာ၊ ချိုသံသာတို့က မေတ္တာနဲ့ သီဆိုအားပေး၊ နှစ်သိမ့်သီဆိုခဲ့ကြပါတယ်။

ရုပ်ရှင်နဲ့ ဗီဒီယိုသရုပ်ဆောင် တေးသံရှင် မိုးထက်မြင့်က မောင်ကျော်ဇောကိုယ်ရေးရာဇဝင်ကို ဖတ်ကြားခဲ့သလို တေးဆို ဒေါ်ခင်ညွန့်ရည်ရဲ့ ကိုယ်ရေးရာဇဝင်ကို နိုင်ငံကျော် တေးသံရှင် မေသက်ထားဆွေက ဖတ်ကြားခဲ့ကြပါတယ်။

“အမေခင်ညွန့်ရည်နဲ့ သီချင်းအတူ မမ သီဆိုတဲ့အခါ အမေ့ရဲ့ ဝမ်းနည်းပြီးသီချင်းကို အားနဲ့မာန်ဆိုချိန်မှာ နည်းနည်းမောသွားတာ ကြည့်ပြီး မမ ရင်ထဲမှာမကောင်းဘူး။ ကိုယ်လည်း သီချင်းကို ပြီးဆုံးအောင် ဆိုရမှာမို့ မနည်းအားတင်းဆိုခဲ့ရတာပါ။ မမကလည်း အရမ်းဝမ်းနည်းတတ်သူဆိုတော့လေ။ ဂန္ထဝင်ပညာရှင်တွေရဲ့ သီချင်းတွေနဲ့ ကြီးပြင်းလာတဲ့သူမို့ သူတို့ ကျန်းမာရေးမကောင်းတော့ စိတ်ထဲမှာ တော်တော်လေးမကောင်းဖြစ်မိပါတယ်” လို့ တေးသံရှင် သဲနုဝါက ပြောပါတယ်။

အဲဒီနောက်မှာတော့ တေးရေးအလွမ်းသီချင်း‌ရေးတဲ့ မောင်ကျော်ဇောနဲ့ တေးသံရှင် ဒေါ်ခင်ညွန့်ရည်တို့အတွက် ပါဝင်အားပေးကြတဲ့ မိတ်ဆွေတွေက ဝိုင်းဝန်းလှူဒါန်းကြတာမှာ အလှူငွေ ကျပ် ၆၆ သိန်း ရရှိခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *