October 23, 2024

၂၀. ၁၂. ၂၀၂၂
Translated by Htwe Ko Tun

အမေရိကန်အောက်လွှတ်တော်အမတ်များဖြင့် ဖွဲစည်းထားပြီး ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၆ ရက်က ကွန်ဂရက်အဆောက်အအုံ တိုက်ခိုက်ခံခဲ့ရမှုကို စုံစမ်းစစ်ဆေးနေသည့်ကော်မတီက အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရန့်သည် ဖျက်လိုဖျက်ဆီးလုပ်မှုနှင့် ဆူပူအုံကြွမှု ပြုလုပ်ခြင်းတို့အပါအဝင် အဆိုပါတိုက်ခိုက်မှုကို လှုံ့ဆော်ပေးခဲ့မှုတို့ကြောင့် အမှုလေးခုဖြင့် တရားစွဲခံရဖွယ်ရှိကြောင်း ပြောကြားခဲ့သည်။

ဒီမိုကရက်ပါတီအမတ်များဦးဆောင်သည့် ထိုစုံစမ်းရေးကော်မတီက မျက်မြင်တွေ့ရှိသူ ၁,၀၀၀ ကျော်နှင့် တွေ့ဆုံမေးမြန်းကာ စာရွက်စာတမ်းများလည်း သိန်းနှင့်ချီ၍ စုဆောင်းခဲ့အပြီးတွင် အမေရိကန်တရားရေးဌာနသို့ ဒေါ်နယ်ထရန့်အား တရားစွဲရန်တောင်းဆိုခဲ့မှုက အမေရိကန်ကွန်ဂရက်သမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် သမ္မတဟောင်းတစ်ဦးအား တရားစွဲရန် ပထမဆုံးရည်ရွယ်ဆောင်ရွက်မှုလည်း ဖြစ်ခဲ့သည်။

အဆိုပါတောင်းဆိုချက်က ပြည်ထောင်စုရှေ့နေများအား ဆောင်ရွက်ရန် အတင်းအကြပ်စေခိုင်းမှုမျိုးမရှိပေ။ သို့သော် ထရန့်နှင့်ဆက်စပ်နေသော ရီပတ်ဘလီကန် တို့၏ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ရန်ကြိုးပမ်းမှုနှင့် အိမ်ဖြူတော်မှ လျှို့ဝှက်ဖိုင်များဖယ်ရှားခဲ့မှုတို့ကို ပြည်ထောင်စုအဆင့် စုံစမ်းစစ်ဆေးရေးများ ပြုလုပ်ရာတွင်လည်း အထူးဥပဒေအကျိုးဆောင်တစ်ဦးက စောင့်ကြည့်ကြီးကြပ်လျက်ရှိသည်။

စုံစမ်းရေးကော်မတီက ထရန့်အား တရားစွဲရန် တရားရေးဌာနသို့ တောင်းဆိုထားသည့် အမှုလေးခုမှာ ကွန်ဂရက် ၏တရားဝင်အခမ်းအနားအား ဖျက်လိုဖျက်ဆီးလုပ်မှု၊ အမေရိကန်ပြည်ထောင်စုအား လှည့်ဖြားရန် လျှို့ဝှက်ကြံစည်မှု၊ မှားယွင်းသော ကြေညာချက်များထုတ်ပြန်မှုနှင့် ဆူပူအုံကြွမှုအား အကူအညီပေးမှု(သို့မဟုတ်) လှုံ့ဆော်ပေးမှုတို့ ဖြစ်ရန် အလားအလာရှိကြောင်း သတင်းများကဆိုသည်။

တရားရေးဌာန ပြောရေးဆိုခွင့်ရှိသူက ထိုတောင်းဆိုချက်နှင့်ပတ်သက်၍ တစ်စုံတစ်ရာမပြောသေးသကဲ့သို့ ထရန့်၏ ပြောရေးဆိုခွင့်ရှိသူကလည်း မည်သို့မျှ မတုံပြန်သေးကြောင်းသိရသည်။ စုံစမ်းရေးကော်မတီတွင် ဒီမိုကရက်အမတ် ခုနှစ်ဦးနှင့် ရီပတ်ဘလီကန် အမတ် နှစ်ဦးတို့ပါဝင်ကာ စွဲချက်များနှင့်ပတ်သက်၍ ၎င်းတို့အားလုံး တစ်သဘောတည်းဖြစ်သည်ဟုလည်းဆိုသည်။

Ref- India Today

Leave a Reply

Your email address will not be published. Required fields are marked *