September 20, 2024

၂၉. ၅. ၂၀၂၄
Written by Nay Moe

၁။

“ဒလန်၊ သူလျှို၊ နစကယန္တရားလည်ပတ်ပြုလုပ်ပေးသူ” ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ NUG ဩဇာခံ PDF တွေက အစိုးရဝန်ထမ်းတွေ၊ ဆရာဆရာမနဲ့ ကလေးသူငယ်တွေ၊ ရဟန်းသံဃာတွေနဲ့ ရပ်ကျေးတွေကို သတ်ဖြတ်လာတာ လူဦးရေ ၈၀၀၀ ကျော်လာတဲ့အထိ PDF တွေက ဒီမိုကရေစီနဲ့ တော်လှန်ရေးခေါင်းစဥ်အောက်ကလုပ်တာဖြစ်လို ကမ္ဘာက မသိကျိုးကျွံပြုခဲ့ပေမဲ့ အုတ်ဖို PDF (သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ-အုတ်ဖို )တွေက မေလ ၂၁ ရက်မှာ ကြို့ပင်ကောက်မြိုနယ်က အုတ်တွင်းကုန်းရွာအုပ်ချုပ်ရေးမှူးကို ဝင်သတ်ချိန်မှာတော့ ကိုရီးယားနိုင်ငံကို ရိုက်ခတ်ခဲ့ပါပြီ။

ဒီမိုကရေစီခေါင်းစဥ်အောက်မှာ PDF တွေ လူ ၈၀၀၀ ကျော် သတ်တုန်းက ဘာအသံမှမထွက်တဲ့ ကမ္ဘာကြီးဟာ အုတ်တွင်းကုန်းရွာအုပ်ချုပ်ရေးမှူးလင်မယားကို PDF တွေ ဝင်သတ်ချိန်ကြမှ ကိုရီးယားကို ဘာလိုလှုပ်ခတ်သွားလဲဆိုရင် အုတ်တွင်းကုန်းရွာ အုပ်ချုပ်ရေးမှူးလင်မယားကို အုတ်ဖို PDF ဝင်သတ်ချိန်မှာ ကိုရီးယားဘဏ်တစ်ခုရဲ့ ငွေချေးလုပ်ငန်းက ဝန်ထမ်းနှစ်ဦး PDF တွေပစ်တဲ့ကျည်ဆံအောက် ပွဲချင်းပြီးသေဆုံးသွားခဲ့လို လှုပ်ခတ်သွားတယ်လို့ ပြောရမှာပါ။

၂။

ဒီဖြစ်စဉ်ဟာ မေလ ၂၁ ရက် နေ့လယ် ၃ နာရီအချိန်က စခဲ့တာဖြစ်ပြီး NUG ဩဇာခံ အုတ်ဖို PDF အဖွဲ့ဟာ ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်၊ ဧမတွင်းကျေးရွာနေ အုတ်တွင်းကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဝင်း(၅၆)နှစ်ကို ဧမတွင်းရွာနေအိမ်အထိ သွားပြီးသတ်ဖြတ်ချိန်မှာ ဖြစ်ပွားခဲ့တာပါ။ အုတ်တွင်းကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဦးခင်မောင်ဝင်းကို အုတ်ဖို PDF တွေ သွားပြီးသတ်ချိန်မှာ ဦးခင်မောင်ဝင်းက ဇနီးဖြစ်သူ ဒေါ်သန်းသန်းလွင်(၅၃)နှစ်အပြင် အုတ်ဖိုမြို့နယ်၊ မြို့မရပ်ကွက်နေ ကိုဖြိုးဝေဇင်(၃၂)နှစ်၊ မင်းလှမြို့နယ်၊ ကညင်ပင်ကျေးရွာနေ ကိုပြည့်စုံလွင်စိုး(၃၀)နှစ်တို့နဲ့အတူ နေအိမ်မှာ အလုပ်ကိစ္စပြောဆိုဆွေးနွေးနေတာပါ။ အဲဒီအချိန်မှာပဲ အုတ်ဖို PDF လေးဦးက ဆိုင်ကယ်နှစ်စီးနဲ့ ရောက်ရှိလာပြီး ဘာမှ စစ်ဆေးမေးမြန်းခြင်းမရှိဘဲ သေနတ်နဲ့ တရစပ် ပစ်ခတ်ပြီး ပစ္စည်းတချို့ သိမ်းယူ ထွက်ပြေးသွားတာကြောင့် ကိုဖြိုးဝေဇင်နဲ့ ကိုပြည့်စုံလွင်စိုးတို့က အုတ်ဖို PDF ပစ်ခတ်တဲ့ ကျည်တွေထိမှန်လို့ နေရာတင် ပွဲချင်းပြီးသေဆုံးသွားပြီး ဒေါ်သန်းသန်းလွင်ကတော့ ကျည်ထိမှန်ဒဏ်ရာတွေ ရရှိခဲ့တာကြောင့် ကြို့ပင်ကောက်မြို့နယ်ပြည်သူ့ဆေးရုံ ပို့ဆောင်ထားရှိခဲ့ရပြီး အုတ်ဖို PDF တွေ တကယ်သတ်ချင်တဲ့ ဦးခင်မောင်ဝင်းကတော့ ဘာ ဒဏ်ရာမှမရရှိခဲ့ပါဘူး။

ဒီနေရာမှာ အုတ်ဖို PDF တွေ တကယ်သတ်ချင်တဲ့ ဦးခင်မောင်ဝင်းက မသေ၊ ဇနီးဖြစ်တဲ့ ဒေါ်သန်းသန်းလွင်ကလည်း ဒဏ်ရာပဲရပြီး ကြားထဲက သေဆုံးသွားတဲ့ ကိုဖြိုးဝေဇင်နဲ့ ကိုပြည့်စုံလွင်စိုးတို့နှစ်ယောက်ကို အုတ်ဖို PDF တွေက ဒလန်တွေ၊ ပျုစောထီးတွေလို ထုံးစံအတိုင်း ပြည်သူအထင်မှားအောင် အစဖျောက်ဖို့ ကနဦးစွပ်စွဲခဲ့ပေမဲ့လည်း အုတ်ဖို PDF တွေ ကံဆိုးတာက ကိုဖြိုးဝေဇင်နဲ့ ကိုပြည့်စုံလွင်စိုးတို့နှစ်ယောက်ဟာ သူတို့စွပ်စွဲသလို ဒလန်တွေ ပျုစောထီးတွေမဟုတ်ဘဲ ကိုရီးယားနိုင်ငံက Daegu Bank ရဲ့ လက်အောက်ခံကုမ္ပဏီဖြစ်တဲ့ DGB Microfinance Myanmar ရဲ့ မြန်မာနိုင်ငံဆိုင်ရာဝန်ထမ်းတွေဖြစ်နေခဲ့တာပါ။ နောက်ပြီး ကိုဖြိုးဝေဇင်နဲ့ ကိုပြည့်စုံလွင်စိုးတို့နှစ်ယောက်ဟာလည်း အုတ်တွင်းကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဦးခင်မောင်ဝင်းနဲ့ ပျုစောထီးလုပ်ငန်းစဉ်တွေ လုပ်ဖို့ဆွေးနွေးနေတာမဟုတ်ဘဲ DGB Microfinance Myanmar ရဲ့ ဝန်ထမ်းပီပီ အုတ်တွင်းကုန်းရွာပြည်သူတွေရဲ့ ငွေစုငွေချေးကိစ္စတွေအတွက် ဦးခင်မောင်ဝင်းနဲ့ လာဆွေးနွေးချိန် အုတ်ဖို PDF တွေက လာပစ်သတ်ချိန်နဲ့ တိုက်ဆိုင်သွားလို့ သူတို့ ကံဆိုးခဲ့ရတာပါ။

၃။

PDF တွေဟာ လူတွေသတ်ပြီးရင် သူတို့အပြစ်လွတ်ပြီး တော်လှန်ရေးလုပ်တယ်လို့ ပြည်သူတွေမြင်အောင် သူတို့သတ်လို့သေသူတွေကို သူလျှို၊ ဒလန်လို့ အပြစ်ပုံချတတ်ကြပါတယ်။ ဒီဖြစ်စဉ်မှာလည်း ကိုဖြိုးဝေဇင်နဲ့ ကိုပြည့်စုံလွင်စိုးတို့နှစ်ယောက်ဟာ သူလျှို၊ ဒလန်ပါဆိုပြီး ဖုံးကွယ်ဖို့ ကြိုးစားပေမဲ့ မရတဲ့အဆုံးမှာတော့ မေလ ၂၂ ရက်မှာ ဝန်ခံချက်ထုတ်ပြန်ခဲ့ရပြီး “အုပ်ချုပ်ရေးမှူး ခင်မောင်ဝင်းနှင့် အတူထိုင်နေသောကြောင့် ပစ်ခတ်ခံရပြီး သေဆုံးသွားသူ ၂ ဦးမှာ ပုဂ္ဂလိကချေးငွေကုမ္ပဏီဝန်ထမ်းများဟု သိရသည့်အတွက် မိမိတို့အနေနှင့် လွန်စွာစိတ်မကောင်းဖြစ်ပါသည်”ဆိုတဲ့ စာလေး ထည့်သွင်း ဝန်ခံခဲ့ပါတယ်။

ဒါပေမဲ့လည်း အဲဒီဝန်ခံချက်မှာ သေဆုံးသွားတဲ့ ကိုဖြိုးဝေဇင်နဲ့ ကိုပြည့်စုံလွင်စိုးတို့ နှစ်ယောက်ကို တာဝန်ယူ၊ တာဝန်ခံဖို့ဝေးလို့ တစ်လုံးတစ်ပါဒတောင် မတောင်းပန်ထားတဲ့အပြင် ဒီလိုမျိုးစစ်တပ်ထောက်တိုင်တွေနဲ့ အတူရှိနေရင် အသတ်ခံရမှာပဲဆိုတဲ့ သဘောမျိုးပါ ရေးသားခဲ့တာပါ။ ပိုပြီးဆိုးတာက ဦးခင်မောင်ဝင်းကို သတ်ဖြတ်အပြီး သိမ်းယူလာတယ်ဆိုတဲ့ သေနတ်အတို ၁ လက်၊ ကျည် ၁၈ တောင့်၊ လက်ပစ်ဗုံး ၁ လုံး၊ မိုလ်ဘိုင်းဖုန်း ၂ လုံး၊ ငွေသား ၃၁၀၀၀၀ ကျပ်၊ တံဆိပ်တုံး ၂ ခု၊ မှတ်ပုံတင် ၁ ခုနဲ့ စာရွက်စာတန်းတချို့ကို အုတ်ဖို PDF က လုယက်သိမ်းယူလာတဲ့အထဲ ဖုန်းနဲ့ ငွေသားတွေက DGB Microfinance Myanmar ရဲ့ လုပ်ငန်းလည်ပတ်ငွေတွေဖြစ်နေတယ်လို့ သိရလို့ အုတ်ဖို PDF ရဲ့ လုပ်ရပ်ဟာ ကိုရီးယားငွေစုငွေချေးလုပ်ငန်း DGB Microfinance Myanmar ရဲ့ ဝန်ထမ်းတွေကို သတ်ဖြတ်လုယက်မှု ကျုးလွန်တဲ့ အခြေအနေကိုပါ ဆိုက်ရောက်သွားခဲ့တော့တာပါပဲ။

ကိုရီးယားဒေဂူးဘဏ်ရဲ့ လက်အောက်ခံ DGB Microfinance Myanmar ဟာ မြန်မာနိုင်ငံမှာ ၂၀၁၉ ခုနှစ်က စတင်လည်ပတ်နေတာဖြစ်ပြီး မြန်မာနိုင်ငံတဝှမ်းမှာ လုပ်ငန်းခွဲပေါင်း ၃၀ ကျော် ရှိနေတာပါ။ ကိုရီးယား ဒေဂူးဘဏ်ရဲ့ လက်အောက်ခံ DGB Microfinance Myanmar ရဲ့ ဝန်ထမ်းနှစ်ဦးကို အုတ်ဖို PDF အဖွဲ့က သတ်ဖြတ်လိုက်မှုနဲ့ ပတ်သက်ပြီး Korea JoongAng Daily က သတင်းဖော်ပြခဲ့သလို DGB Financial Group ကလည်း အုတ်ဖို PDF သတ်ဖြတ်မှုခံလိုက်ရတဲ့ ကိုဖြိုးဝေဇင်နဲ့ ကိုပြည့်စုံလွင်စိုးတို့ ကျန်ရစ်သူမိသားစုကို အသုဘစရိတ်ချက်ချင်း ထောက်ပံ့ပေးခဲ့ပြီး ထပ်မံကူညီထောက်ပံ့ဖို့ စဉ်းစားနေကြောင်းနဲ့ တခြားဝန်ထမ်းတွေကို ဘေးကင်းလုံခြုံဖို့ သင်တန်းပေးနေတယ်လို့လည်း ဖော်ပြခဲ့ပါတယ်။

၄။

NUG လက်အောက်ခံ PDF အဖွဲ့တွေအနေနဲ့ ငွေစုငွေချေးလုပ်ကိုင်သူတွေ၊ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေက လုပ်ငန်းတွေကို လုယက်သတ်ဖြတ်တာက အခုမှမဟုတ်ဘဲ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ထဲမှာလည်း အမေရိကန်အစိုးရ၊ USAID အပါအဝင် နိုင်ငံတကာအဖွဲ့အစည်း ၅၀ ကျော်ရဲ့ ပံ့ပိုးမှုနဲ့ လည်ပတ်နေပြီး မြန်မာပြည်သူတွေဖွံ့ဖြိုးရေးလုပ်ဆောင်နေတဲ့ Pact Myanmar က ဝန်ထမ်းတွေနဲ့ BG Microfinance က ဝန်ထမ်းတွေကို NUG ဩဇာခံ ပြည်သူ့ကာကွယ်ရေးတပ်မတော် – အနောက်ပိုင်းတိုင်းအဖွဲ့က မတ်လ ၁၄ ရက်မှာ ဖမ်းဆီးပြီး Pact မြန်မာချေးငွေလုပ်ငန်းအဖွဲ့ထံက စာရွက်စာတန်းတွေ၊ Mytel ဆင်းကတ်၊ ကုမ္ပဏီပိုင် ဖုန်း ၂ လုံး၊ ငွေကြေး ကျပ် ၄၉ သိန်းကျော်(ကျပ် ၄၉၅၄၅၀၀) ကို လုယက်လိုက်တဲ့အပြင် BG Microfinance ချေးငွေလုပ်ငန်းက စာရွက်စာတန်းတွေ၊ Mytel ဆင်းကတ်နဲ့ ကုမ္ပဏီပိုင် ဖုန်း ၂ လုံး၊ ငွေကြေး ကျပ် ၄၃၆၀၀၀ တိတိကိုလည်း လုယက်မှုဖြစ်ပွားခဲ့ပါသေးတယ်။ ဒါကြောင့်လည်း Pact Myanmar က မလုံခြုံတဲ့မြန်မာပြည်ကနေ လုပ်ငန်းဖျက်သိမ်းသွားခဲ့ပါတယ်။ ဒါ့အပြင် ၂၀၂၃ ခုနှစ် မတ်လထဲမှာပဲ ကုလသမဂ္ဂကမ္ဘာ့ စားနပ်ရိက္ခာအစီအစဉ် (WFP) နဲ့ လက်တွဲအလုပ်လုပ်နေတဲ့ ပခုက္ကူဒေသခံ NGO ဖြစ်တဲ့ FLYDO (အနာဂတ်အလင်းရောင် လူငယ်ဖွံ့ဖြိုးရေးအသင်း) ရဲ့ အမှုဆောင်ဒါရိုက်တာဦးရဲထွဋ်ကို ဖမ်းဆီးပြီး ကျပ်သိန်း ၅၀၀၀ ငွေညှစ်တောင်းခံမှုလည်း ဖြစ်ပွားခဲ့သေးပြီး ဦးရဲထွဋ်ကတော့ ဒီနေ့အထိသတင်းအစအနပျောက်သွားခဲ့ပါတယ်။ ဒီလိုမျိုးဖြစ်စဥ်လိုပဲ စလင်းမြို့နယ် သရက်တောနဲ့ လယ်သာကြားက ချေးငွေလုပ်ငန်းတစ်ခုကို PDF တစ်ဖွဲ့က ဓားပြတိုက်မှုဖြစ်ပွားပြီး ငွေသား ၂၅,၈၄၅,၀၀၀ ကျပ်နဲ့ ဆိုင်ကယ် ၇ စီးလုယက်သွားမှုလည်း ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၅ ရက်က ဖြစ်ပွားခဲ့ပါသေးတယ်။ အဲဒီဖြစ်စဉ်ကိုတော့ လုယက်တဲ့ PDF အဖွဲ့လို့ဆိုတဲ့ မင်းဘူးခရိုင်အမှတ် ( ၅ )တပ်ရင်းက ကျုးလွန်တာဟာ သူတို့အဖွဲ့မဟုတ်ဘူးလို့ လုယက်ခံရမှုငွေကြေးအတိအကျကို သိရှိပြီး ပြန်လည်ငြင်းချက်ထုတ်ခဲ့တာ တွေ့ရပါတယ်။

NUG နဲ့ PDF တွေက နိုင်ငံနဲ့ပြည်သူအတွက်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ တော်လှန်ရေးလုပ်တယ်လို့ အမည်တပ်ပြီး အလွယ်တကူ လုယက်သတ်ဖြတ် ပြန်ပေးဆွဲတာတွေကို လုပ်ကိုင်နေကြတဲ့ PDF တွေကို ပြည်ပထွက်ပြေးနေကြရတဲ့ NUG ကိုယ်တိုင်ကလည်း ထိန်းကျောင်းနိုင်စွမ်းမရှိဖြစ်နေတာပါ။ ဒီလို ရာဇဝတ်မှု ကျုးလွန်နေတဲ့ PDF တွေကို မထိန်းနိုင်တာ တွေကြောင့်လည်း NUG ကို အဝေးရောက် အစိုးရတစ်ရပ်အဖြစ်တောင် ဘယ်နိုင်ငံကမှ အသိအမှတ်မပြုတာဖြစ်ပြီး နွေဦးတော်လှန်ရေးကြာလာလို့ ပြည်သူတွေက မလှူတော့လေ PDF တွေအဖို့ ရပ်တည်ရခက်လေဖြစ်လာပြီး ဒီလိုမျိုး ပြန်ပေးဆွဲ၊ လုယက်၊ သတ်ဖြတ်မှုတွေ ဆက်တိုက်မြင်နေရဦးမယ်ဆိုတာကလည်း အသေအချာပါပဲ။

Leave a Reply

Your email address will not be published. Required fields are marked *